မလေးရှား ဝန်ကြီးချုပ်သစ်ကို ဂုဏ်သတင်းမကောင်းတဲ့ ပါတီမှ ရွေးချယ်ခံရ 

မလေးရှား ဝန်ကြီးချုပ်သစ်ကို ဂုဏ်သတင်းမကောင်းတဲ့ ပါတီမှ ရွေးချယ်ခံရ 
Photo - AFP

ဩဂုတ် ၂၀

မလေးရှားမှာ အရင် အစိုးရ ပြိုလဲသွားပြီးတဲ့နောက် ထူထောင်ရေးမှာ အားထားရသူတစ်ဦးကို နိုင်ငံရဲ့ ဝန်ကြီးချုပ်သစ်အဖြစ် သောကြာနေ့မှာ ရွေးချယ်ခန့်အပ်ကြောင်း နိုင်ငံတော်နန်းတော်ကနေ ထုတ်ပြန်ပါတယ်။ 

ဒီ ဝန်ကြီးချုပ်သစ်ရဲ့ ပါတီဟာ ၂၀၁၈ ရွေးကောက်ပွဲမှာ ဆုံးရှုံးခဲ့တဲ့ ဂုဏ်သတင်းမကောင်းတဲ့ ပါတီဖြစ်ပြီး ခေါင်းဆောင်မှုကို ပြန်လည်ရယူနိုင်ခဲ့ပြီလို့ ကြေညာခဲ့ပါတယ်။ 

လွှတ်တော်အမတ် အများစုရဲ့ ထောက်ခံမှုကို ရရှိတဲ့ အစ္စမေးလ် ဆာဘရီ ယာကော့ဘ်ကို ဖွဲ့စည်းပုံနဲ့အညီ ဘုရင်မင်းမြတ်က ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ကြောင်း နန်းတော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

အစ္စမေးလ် ဆာဘရီ ယာကော့ဘ်အနေနဲ့ စနေနေ့မှာ ကျမ်းသစ္စာဆိုမှာဖြစ်တယ်လို့ အဆိုပါ  ထုတ်ပြန်ချက်က ဆိုပါတယ်။ 

အရင် ဝန်ကြီးချုပ် မူယစ်ဒင် ယက်ဆင်ဟာ ကိုရိုနာဗိုင်းရပ်စ် ဆိုးဆိုးဝါးဝါး ကူးစက်ဖြစ်ပွားနေတဲ့အပေါ် သူ့ အစိုးရရဲ့ ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး ပြည်သူတွေရဲ့ မကျေနပ်စိတ်တွေ ကြီးထွားလာခဲ့တာကြောင့် လွှတ်တော်မှာ ထောက်ခံမှု ဆုံးရှုံးခဲ့ပြီးနောက် ပြဿနာပွေလီတဲ့ ရာထူးသက်တမ်း ၁၇ လတာကို စွန့်လွှတ်ပြီး တနင်္လာနေ့က နုတ်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။ 

အခု နောက်တက်မယ့် ခေါင်းဆောင်ဟာ ညွန့်ပေါင်းအဖွဲ့ရဲ့ မဏ္ဍိုင်ပါတီဖြစ်တဲ့ UMNO ပါတီကပဲ ဖြစ်ပါတယ်။ UMNO ပါတီဟာ မလေးရှားနိုင်ငံကို နှစ် ခြောက်ဆယ်ကြာ အုပ်ချုပ်ခဲ့တာဖြစ်ပြီး အမေရိကန်ဒေါ်လာ ဘီလီယံများစွာတန်တဲ့ 1MDB လာဘ်စားမှု အရှုပ်တော်ပုံကြောင့် ၂၀၁၈ မှာ အာဏာလက်လွှတ်ခဲ့ရတာပါ။ 

အရင် အစိုးရလက်ထက်မှာလည်း UMNO ပါတီဟာ အဓိက မိတ်ဖက်အဖြစ် အာဏာစိုးမိုးထားနိုင်ခဲ့ပြီး အခုလို အစ္စမေးလ် ဆာဘရီ ယာကော့ဘ်ကို ဝန်ကြီးချုပ်အဖြစ် ရွေးကောက်ခံရတာဟာ ပါတီအနေနဲ့ ရွေးကောက်ပွဲ မဝင်ရဘဲ နိုင်ငံရဲ့ ထိပ်တန်း တာဝန်ကို ပြန်လည်ရယူလိုက်နိုင်တာပဲ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly