စစ်ကောင်စီတပ်က ကမာရွတ်ကိုဝင်မွှေပြန်ကာ ပြည်သူအချို့ကိုဖမ်းဆီး

စစ်ကောင်စီတပ်က ကမာရွတ်ကိုဝင်မွှေပြန်ကာ ပြည်သူအချို့ကိုဖမ်းဆီး

ဩဂုတ် ၁၉

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်ရှိ နေရာသုံးခုအား ဝင်ရောက်ရှာဖွေခဲ့ပြီး ပြည်သူအချို့ ဖမ်းဆီးသွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောကြားသည်။

ကမာရွတ် (၅) ရပ်ကွက်၊ ဆင်မလိုက်ဘက်တွင် ညနေ ၄ နာရီခွဲမှစတင်ကာ Dc ကား၊ အိမ်စီးကား စုစုပေါင်း ၁၂စီးဝန်းကျင်ဖြင့် သုံးဖွဲ့ခွဲကာ ဝင်ရောက်လာခဲ့ပြီး ဆင်မလိုက်ဈေးရှေ့နှင့်ဈေးနောက်ကို ကား

လေးစီး အင်အားဖြန့်ကျက်ကာ ဆင်မလိုက်ဈေးအောက်ထပ်ရှိ KTVတစ်ခုကို ဝင်စစ်သွားသည်။

ထို့နောက်အောင်သုခလမ်းနားရှိမြတ်လေးရုံကျောင်းတိုက်ဘက်တွင် ကားလေးစီးရပ်ကာ မင်္ဂလာသုခလမ်းနှင့် သင်္ဘောကျင်း အုတ်နံရံလမ်း ထောင့်နားရှိ တိုက်ကို ထပ်မံစစ်ဆေးသွားကြောင်း သိရသည်။

ထို့နောက်ညနေ ၅နာရီဝန်းကျင်တွင် ကားတစ်ချို့ပြန်ထွက်သွားပြီး စစ်ကားလေးစီးမှာ လှည်းတန်းလမ်းမဖြတ်၍ ဟံသာဝတီဘက်ကို မောင်းထွက်သွားခဲ့သည်။

ထို့ပြင် စစ်ကား Dc နှစ်စီး၊ ရဲကားအသေးတစ်စီးမှာ ဟံသာဝတီလမ်းမှ မင်္ဂလာသုခလမ်းထဲသို့ဝင်၍ ဟံသာရိပ်မွန်အိမ်ယာရှေ့တွင်ရပ်တန့်ကာ လမ်းသွားလမ်းလာများ၏ ဖုန်းများကို စစ်ဆေးခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောသည်။

ကနဦး ရရှိသည့် သတင်းများအရ ဝင်စစ်ခဲ့သည့် နေရာများမှ အနည်းဆုံးပြည်သူ လေးဦးခန့် ဖမ်းဆီးခံခဲ့ရကြောင်း မျက်မြင်တွေ့ရှိသူများကဆိုသည်။

သြဂုတ် ၁၉ ရက် နံနက် ၂နာရီကလည်း ကမာရွတ်မြို့နယ် (၆) ရပ်ကွက်၊ ပြည်ရိပ်မွန်အိမ်ရာတွင်း စစ်ကောင်စီတပ်ဖွဲ့များ ဝင်ရောက်စစ်ဆေးခဲ့ပြီး ပြည်သူအချို့ ဖမ်းဆီးခံခဲ့ရကာ ယင်းတို့အနက်လေးဦး ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required