စမ်းချောင်း ကမာရွတ်မှာ လူဖမ်းပွဲဆင်နွှဲ

စမ်းချောင်း ကမာရွတ်မှာ လူဖမ်းပွဲဆင်နွှဲ

ဩဂုတ် ၁၉

ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းနှင့်ကမာရွတ်မြို့နယ်များတွင် စစ်ကောင်စီတပ်များက ယမန်နေ့ညက ဧည့်စာရင်းစစ်မွှေနှောက်ကာ လူ ၁၂ ဦးကို ဖမ်းဆီးသွားခဲ့ကြောင်း မဇ္ဈိမကလိုက်လံကောက်ယူထားသောစာရင်းများအရသိရသည်။

အာဏာသိမ်းတပ်အင်အား ၂၀ ခန့်က သြဂုတ်လ ၁၈ ရက်နေ့ည ၁၀ နာရီဝန်းကျင်တွင် စမ်းချောင်းမြို့နယ် ကံ့ကော်လမ်းရှိ ကွန်ဒိုကိုဝင်ရှာက လူငယ်သုံးဦးကိုခေါ်ဆောင်သွားခဲ့သည်။ ထို့နောက် တစ်ခြားနေရာက ဖမ်းလာခဲ့သည့် လူငယ်ရှစ်ဦးကိုပါ လမ်းမပေါ်မှာ ဝမ်းလျားမှောက်ခိုင်းထားပြီး ရိုက်နှက်စစ်ဆေးမှုလုပ်ခဲ့သည်။

”ကားပေါ်ကနေ ဒလံ နဲ့တူ ဖမ်းခံရသူ နှစ်ဦး ဆင်းလာတာ။ သူတို့က ကွန်ဒိုကိုပြတယ်။ ကွန်ဒိုက မှန်တွေ မြေညီထပ်က မှန်တွေ အကုန်ရိုက်ခွဲကြတယ်။ နောက် သူတို့ နဲ့အတူ သုံးယောက်ပါလာတယ်။ နောက် မြို့နယ်အတွင်းက လူငယ်နှစ်ယောက်ကိုလည်း ဖမ်းခေါ်လာကြတယ်။ ဖမ်းမိလာတဲ့ နောက် ငါးယောက်ကို ထပ်ပြီး လမ်းမပေါ်မှာ ရိုက်နှက်ကြတာ “ ဟု မျက်မြင်သက်သေတစ်ဦးက မဇ္ဈိမကိုပြောပြသည်။

အချိန်အတန်ကြာ နှိပ်စက်မေးမြန်းပြီးနောက် လူငယ် ငါးဦးကို ဖမ်းဆီးခဲ့ပြီး ကျန်ငါးဦးကို ထွက်ပြေးခိုင်းခဲ့သည်။

ကွန်ဒိုအခန်းများရှိ လူသုံးကုန်ပစည်းများ ၊ စားစရာများ စစ်သားများက ယူဆောင်သွားကြသည်။

မနက် ၁နာရီခွဲခန့်တွင် စစ်ကား နှစ်စီး ပြန်လည်ရောက်ရှိလာခဲ့ပြီးနောက် ကွန်ဒိုမှ အောက်စီဂျင်စက်များ ၊ ဆေးရုံသုံး အသုံးအဆောင်ပစည်းများကို ထပ်မံယူဆောင် သွားကြပြန်သည်။

ထို့အပြင် ယမန်နေ့ညက ကမာရွတ်မြို့နယ် အမှတ် (၁) ရပ်ကွက်၊ ဆင်မလိုက်ဈေးအနောက်ဘက်လမ်းများနှင့် အမှတ် (၆) ရပ်ကွက်၊ ပြည်ရိပ်မွန်အိမ်ရာသို့လည်း စစ်ကောင်စီတပ်က သန်းခေါင်ယံကျော်ချိန်တွင် ဝင်ရောက်ရှာဖွေပြီး လူဖမ်းမှုများရှိခဲ့သည်။

အမှတ် (၁) ရပ်ကွက်အတွင်း သို့ စစ်ကား ၁၂ စီး နှင့်အသွင်ပြောင်း အိမ်စီးကား ခြောက်စီးတို့ ဖြင့်ဝင်ရောက်လာပြီးနောက် တိုက်များကို ဓာတ်မီးဖြင့် ထိုးပြီး လိုက်လံစစ်ဆေးကာ လူငယ်တစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။

ထပ်မံပြီး ဆင်မလိုင်ဈေးအနောက်ဘက် လမ်းများသို့ ဝင်ရောက်ပြီး လူငယ် သုံးဦး ဖမ်းဆီးခေါ်ဆောင်သွားပြီး လေ့ကျင့်ရေးအားကစားခန်းမ တစ်ခုကို ဝင်ရောက်ဖျက်ဆီးပြီး လေ့ကျင့်ရေးပစည်းများကိုလည်း ယူဆောင်သွားကြောင်း သိရသည်။

နံနက် ၂ နာရီခွဲ ခန့်အချိန်တွင် (၆) ရပ်ကွက် ပြည်ရိပ်မွန် အိမ်ယာ ရထားလမ်းဘေး ရှိ လူနေအိမ်များသို့ ဝင်ရောက်ပြီး လူငယ်လေးဦးကို ဖမ်းဆီးသွားကြပြန်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required