ပြင်သစ်မှာ အဆိုးဆုံး တောမီးလောင်ကျွမ်းနေပြီး လူ ၂ ဦး သေဆုံး 

ပြင်သစ်မှာ အဆိုးဆုံး တောမီးလောင်ကျွမ်းနေပြီး လူ ၂ ဦး သေဆုံး 
Photo - AFP

ဩဂုတ် ၁၉

ပြင်သစ်နိုင်ငံရဲ့ ရစ်ဗီးယာဒေသ စိန့်-ထရိုပက်ဇ်မြို့အနီးမှာ နွေကာလ အဆိုးဆုံး တောမီးလောင်ကျွမ်းနေတာကို ထိန်းချုပ်နိုင်ဖို့ မီးသတ်သမား ရာပေါင်းများစွာနဲ့ ငြှိမ်းသတ်နေရတာဆိုရင် ဗုဒ္ဓဟူးနေ့မှာ သုံးရက်မြောက် တိုင်လာခဲ့ပြီ ဖြစ်ပါတယ်။ 

အခု အဆိုးဆုံး တောမီးအတွင်းမှာ လူ နှစ်ဦး သေဆုံးခဲ့ရပြီး ဒေသခံနဲ့ ကမ္ဘာ့လှည့်ခရီးသွား ထောင်ပေါင်းများစွာလည်း ဘေးလွတ်ရာ အတင်းရွှေ့ပြောင်းကြရပါတယ်။ 

မကြာသေးတဲ့ သီတင်းပတ်တွေမှာ ဂရိ၊ တူရကီ၊ အီတလီနဲ့ အယ်လ်ဂျီးရီးယားနိုင်ငံတွေမှာ လူသေဆုံးမှုတွေ ရှိတဲ့ တောမီးလောင်ကျွမ်းမှုတွေ ဖြစ်နေရာ မြေထဲပင်လယ်ဒေသမှာ အခု ပြင်သစ်တောမီးက နောက်ဆုံး လောင်ကျွမ်းလာတဲ့ တောမီးပဲ ဖြစ်ပါတယ်။ 

ရာသီဥတု ပြောင်းလဲမှုကြောင့် ခုလို ပြင်းထန်ဆိုးဝါးတဲ့ တောမီးလောင်ကျွမ်းမှုတွေ ဖြစ်ရတယ်လို့ တာဝန်ရှိသူ တော်တော်များများက အပြစ်ဆိုကြပါတယ်။ 

အခု စိန့်-ထရိုပက်ဇ်မြို့နားက တောမီးဟာ ပလိုင်းနေးဒီးစ်မော်ရစ် သဘာဝကြိုးဝိုင်းကနေ တနင်္လာနေ့ ညနေပိုင်းမှာ စတင် လောင်ကျွမ်းတာ ဖြစ်ပြီး သစ်တောတွေ၊ စပျစ်ခြံတွေနဲ့ ဒေသရင်း တိရစ္ဆာန်တွေကြောင့် လူသိများတဲ့ ဒေသမှာ မြေဟတ်တာ ၅၀၀၀ နီးပါး မီးလောင်ကျွမ်းပါတယ်။ 

ဒီ ညမှာတော့ မီး ဆက်မပြန့်တော့ပေမယ့် ထိန်းချုပ်နိုင်ပြီလို့တော့ ပြောလို့မရသေးဘူးဆိုပြီး ဗားဒေသ မီးသတ်ဌာန ပြောခွင့်ရသူ ဖရန့်းရာစီယာနိုက ပြောပါတယ်။ 

“အခြေအနေဆိုးတဲ့ နေရာတွေမှာ လေယာဉ်တွေနဲ့ ရေပက်ဖျန်းတာမျိုး မနေ့ကတိုင်းပဲ ဆက်လက် မီးငြှိမ်းသတ်သွားမှာပါ”လို့ သူက ပြောပါတယ်။ 

ဗားဒေသ စီရင်စုအုပ်ချုပ်ရေးမှူး အီဗန်စေး ရစ်ချက်က ဂရီမတ် ကျေးရွာမှာ သေဆုံးသူနှစ်ဦးကို ရှာဖွေတွေ့ရှိပြီး တစ်ဦးက တစ်ကိုယ်လုံး မီးလောင်ကျွမ်းထားတာလို့ ပြောပါတယ်။ 

အဲဒီ တစ်ကိုယ်လုံး မီးလောင်ကျွမ်းတဲ့ ရုပ်အလောင်းဟာ ဘယ်သူဘယ်ဝါဖြစ်ကြောင်း သိနိုင်ဖို့ စုံစမ်းစစ်ဆေးသူတွေက လုပ်ဆောင်နေပြီး ‘ယောက်ကျား၊ မိန်းမတောင် ခွဲခြားလို့ မရ’ ဖြစ်တဲ့အထိ မီးလောင်ကျွမ်းသေဆုံးထားတာဟာ အရမ်း စိတ်မကောင်းစရာပဲလို့ အစိုးရရှေ့နေ ပတ်ထရစ် ကမ်ဘာရူ့က ပြောပါတယ်။ “မီးကြောင့် အိမ်တွေလည်း လုံးဝပျက်စီးသွားတယ်”လို့ သူက ဆိုပါတယ်။ 

အခြား သေဆုံးသူကတော့ အမျိုးသားတစ်ဦးဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ 

မီးတောက်မီးလျှံတွေကို ထိန်းချုပ်နိုင်ဖို့အတွက် အရှိန်ပြင်း မီးသတ်ပိုက်တွေနဲ့ ရေဖျန်းလေယာဉ်တွေ၊ ရဟတ်ယာဉ်တွေပါ  သုံးပြီး မီးသတ်သမား ၁၂၀၀ နီးပါးနဲ့ ငြိမ်းသတ်နေရတာပဲ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly