ဟင်္သာတမြို့ကာ စည်ပင်တာဟောင်းကြံ့ခိုင်ရေး အတွက် ဆည်မြောင်းဦးစီးဌာနမှ အဆင့်မြင့်တင်မြေထပ်ဖို့မည်

ဟင်္သာတမြို့ကာ စည်ပင်တာဟောင်းကြံ့ခိုင်ရေး အတွက် ဆည်မြောင်းဦးစီးဌာနမှ အဆင့်မြင့်တင်မြေထပ်ဖို့မည်
ဟင်္သာတမြို့ ရေတားတာအဆင်မြှင့်တင်မြေဖို့ရန်အတွက် ဦးစွာမြေသားရှင်းလင်းခြင်းလုပ်ငန်းများကိုလုပ်ကိုင်နေစဉ်။ ဓါတ်ပုံ၊ မျိုးသူရကိုကို။

ရန်ကုန်၊ ဒီဇင်ဘာ ၁၃။         ။ ဧရာဝတီမြစ်ရေကြီးမှုများမှတစ်ဆင့် ဟင်္သာတမြို့အတွင်းရေကြီးရေလျှံမှုမဖြစ်စေရေး ကာရံထားသည့် ရေကာတာ ကြံ့ခိုင်ရေးအတွက် ဆည်မြောင်းဦးစီးဌာနမှ   မြေဖို့ကာအဆင့်မြင့်တင်မည်ဟုဒီဇင်ဘာ ၁၃ရက်တွင် ဟင်္သာတခရိုင်ဆည်မြောင်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသာယာက မဇ္ဈိမကိုပြောသည်။

"စည်ပင်တာဟောင်း ကြံ့ခိုင်ရေးအဆင့်မြှင့်တင်ဖို့ကော်မတီဖွဲ့ပြီးလုပ်ဆောင်ပါတယ်။ ထွေအုပ်ပါတယ်(မရက)၊ ဆည်မြောင်း၊ ဖွံ့ထောက်အဖွဲ့တွေအကုန်လုံးပါတယ်။ စုစုပေါင်း ၈ဖွဲ့လောက်တော့ရှိမယ် ။ မနေ့ကကြည့်လိုက်တာ အိမ်၊ ဓမ္မာရုံ၊ ရပ်ကွက်ရုံး အကုန်ဖယ်မှာ၊ တစ်ချို့အိမ်တွေက ခြံစည်းရိုးတင်ဖယ်ရမှာ မနေ့က အကိုတို့စစ်လိုက်တော့ အဓိကဖယ်ရမှာက အဆောက်အဦး ၃၉ ခုပေါ့ ။" ဟု ၎င်းကဆိုသည်။

ဒီဇင်ဘာ ၁၂ရက်အထိ ကောက်ယူရရှိထားသည့် စာရင်းများအရ တာအဆင့်မြင့်တင်မြေဖို့ခြင်းကြောင့် တာဘေးရှိ ဆည်မြောင်းဦးစီးဌာနက ကျူးကျော်ဟုယူဆထားသော အိမ်ငယ်များ၊ ဓမ္မာရုံ၊   ဈေးဆိုင်ငယ်များနှင့် ရပ်ကွက်ရုံးစုစုပေါင်း ၂၄၂ လုံးအထိ ဖျက်ရွှေ့ပြောင်းရမည်ဖြစ်ပြီး ဒီဇင်ဘာ ၁၃ရက်နေ့တွင်လည်း ဖယ်ရှားပေး ရမည့်စာရင်းများကို အတိအကျရရှိရန် ထပ်မံကောက်ယူနေကြောင်း ဟင်္သာတ ခရိုင်ဆည်မြောင်းဦးစီးဌာနမှ သိရသည်။

ဖယ်ရှားပေးရမည့် အဆောက်အဦးများနှင့် ပတ်သက်ပြီး မည်သို့စီမံဆောင်ရွက်ပေးမည်ကိုမူ မသိရှိရ သေးပေ။

ယခင်တာဟောင်းအား ထိပ်ဝအကျယ် ၁၂ပေနှင့် အမြင့် ၅ ပေ ထပ်မံတိုးမြင့်တည်ဆောက်ပြီး တာ၏ မြစ်ဘက်အခြမ်းနှင့် မြို့ဘက်အခြမ်း တစ်ဘက်တစ်ချက်စီတွင် ထိပ်ဝအကျယ် ၁၂ ပေရှိသော တာ ထောက်၂ ခုကိုလည်း ထပ်မံတည်ဆောက်မည်ဟု ဟင်္သာတ ခရိုင်ဆည်မြောင်းဦးစီးဌာနမှ သိရသည်။

အဆိုပါ တာထောက်၂ခုပေါ်တွင် မြို့စည်ပင်သာယာရေး ရံပုံငွေဖြင့် ကျောက်ခင်းလမ်း ခင်းကျင်းပေးမည်ဖြစ်ကြောင်း ဟင်္သာတခရိုင်စီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ ဦးဆန်းဌေးက  ပြောကြားချက်အရ သိရသည် ။

အလျား ၈၅၅၇ အမြင့် ၁၈ပေ ပျမ်းမျှ ထပ်ဝအကျယ် ၁၃ပေရှိသော အဆိုပါစည်ပင်တာဟောင်းသည် ဟင်္သာတမြို့နယ်ရေဘေးကာကွယ်ရေးအတွက် မြို့နယ်စည်ပင်သာယာရေး အဖွဲ့က ၁၉၉၂ခုနှစ် တွင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ခုနှစ်၊ နိုဝင်ဘာလတွင် ဆည်မြောင်းဦးစီးဌာန သို့ စီမံခန့်ခွဲခွင့်ကို လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။

ရေတားတာကို ဆည်ဖို့ရန်အတွက် တာအနီးရှိ ကိုင်းမြေများမှ မြေများကိုဝယ်ယူကာ မြေဖို့နိုင်ရန် လျာထားပြီး ကိုင်းပိုင်ရှင်များနှင့် ညှိုနှိုင်းခြင်းများပြုလုပ်နေသည်ဟုလည်း ဦးသာယာကဆိုသည်။

"အဓိကအခက်အခဲကတော့ မြေဖို့ဖို့ ဖို့မြေအခက်အခဲရှိနေတာပါ ကိုင်းပိုင်ရှင်တွေက မရောင်းချင်တဲ့ အတွက် မြေဖို့ဖို့မြေလိုက်ရှာနေရတာပါ ။ မြို့ဘက်ကမြေတွေယူရင် သယ်တဲ့လမ်းတစ်လျောက် အိမ်တွေဖုန်တက်မယ် ်ယာဉ်ကြီးတွေသွားမှာဖြစ်တဲ့အတွက် ကျောင်းသား/သူတွေ ပြည်သူတွေအတွက် ယာဉ်အန္တရာယ် ရှိပါတယ် " ဟု ၎င်းကဆိုသည်။

" ယခုပြုပြင်မည့်တာသည် ဧရာဝတီတိုင်းအတွက် အရေးပါသည့် ရေကာတာတစ်ခုလည်းဖြစ်ပါတယ်၊ ဒီတာက အရေးကြီးပါတယ် အရင်က ဒီတာကို ထိန်းသိမ်းဖို့စည်ပင်မှာလည်း ရံပုံငွေမရှိခဲ့တဲ့အတွက် ပစ်ထားသလိုဖြစ်ခဲ့ပါတယ် ။ ရုတ်တရက်ရေကြီးလာရင် လက်ရှိတာက ခံနိုင်မှာ မဟုတ်ပါဘူး ဂလိုင်ပေါက်တို့ ကြွက်တွင်းတို့ အပေါ်ရံထိပ်လေးတွေအက်နေတာတို့ ရှိတာပေါ့ ဒီတာကျိုးရင် ဟင်္သာတမြို့ထဲကို   ရေတွေဝင်လာမယ် မြို့ထဲမှာ ထပ်ခံထားတဲ့ တာတွေကလည်း ရေမထိတာကြာပြီဖြစ်တဲ့ အတွက် အရှိန်နဲ့ဝင်ဆောင့်တဲ့ဒဏ်ကို ခံနိုင်ဖို့ ကာကွယ်နိုင်ဖို့ခက်ခဲပါမယ် အဲ့ဒီတာနောက်မှာ ဧက ၅သိန်း ရှိပါတယ် ။ ဟင်္သာတက ဧရာဝတီတိုင်းအတွက် ခေါင်ပါ ။ ဒီတာတွေကျိုးပေါက်သွားရင် ဧရာဝတီမြစ်နဲ့ ငဝန်မြစ် ကြားရှိတဲ့ မြို့နယ်တွေကို ရေတွေဖြန့်စီးသွားပြီး ဟင်္သာတမြို့အောက်ပိုင်းက မြို့နယ်တွေကို ရေလွှမ်းသွားနိုင်ပါတယ်" ဟု ဆည်မြောင်းအရာရှိတစ်ဦးကပြောသည်။

ကိုင်းပိုင်ရှင်တစ်ဦးဖြစ်သူ ကိုလှစိုးကမူ" ကျနော့်ကိုင်းမရောင်းချင်ပါဘူး အခုပေးတဲ့ငွေက သားစဉ် မြေးဆက် မစားနိုင်ပါဘူး သူတို့ အလံစိုက်ထားပုံအရ ကျနော့်ကိုင်းတစ်ဦးတည်း ၄ ဧကကို တစ်ဝက် လောက်ပါနေပါတယ် " ဟု ပြောကြားသည် ။

အဆိုပါရေကာတာနှင့် ပတ်သက်ပြီး ပြောင်းရွှေ့ရမည့်အိမ်များအတွက် နစ်နာမှု၊ ရေတား တာမြေဖို့ နိုင်ရေး မြေကြီးဝယ်ရန်သုံးစွဲငွေများနှင့်ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းလျက်ရှိပြီး စီမံကိန်းအား၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၁၅ရက်နေ့တွင်စတင်ပြီး ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်တွင် အပြီးသတ်ဆောင်ရွက်ရန် လျာထားကြောင်း ဆည်မြောင်းဦးစီးဌာနထံမှ သိရသည် ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly