နေပြည်တော်တွင် မြေအောက်ရထားလမ်းများ တည်ဆောက်ရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ညွှန်ကြား

နေပြည်တော်တွင် မြေအောက်ရထားလမ်းများ တည်ဆောက်ရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ညွှန်ကြား

ဩဂုတ် ၁၈

နေပြည်တော်ကောင်စီနယ်မြေတွင် မီးခိုးမထွက်သည့် စက်မှုလုပ်ငန်းများဖြင့် စံပြဖွံ့ဖြိုး တိုးတက် သည့် မြို့တော်တစ်ခုအဖြစ် ဆောင်ရွက်နိုင်ရေး မြို့ပတ်ရထားလမ်းများနှင့် မြေအောက်ရထား လမ်းများ တည် ဆောက်ရန်လိုအပ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောသည်။

ဩဂုတ်လ ၁၇ ရက်နေ့က ပြုလုပ်သည့် နေပြည်တော်ဖွံ့ဖြိုးတိုးတက်ရေး စစ်ကောင်စီအစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထိုသို့ပြောကြားခဲ့ကြောင်း ဩဂုတ်လ ၁၈ ရက်နေ့ထုတ် မြန်မာ့အလင်းတွင်ဖော်ပြထားသည်။

ယင်းအပြင် လျှပ်စစ်ကို အခြေခံသည့် လျှပ်စစ်ဘတ်(စ်)ကားများ ပြေးဆွဲနိုင်ရန်အတွက် လျှပ်စစ်ဘတ်(စ်)ကားလမ်းများကိုလည်း မဖြစ်မနေ အကောင်အထည်ဖော် အလေးထားဆောင်ရွက်ရန် အာဏာသိမ်း စစ်ခေါင်းဆောင်ကပြောသည်။

အဆိုပါ လျှပ်စစ်ကားများနှင့် မြို့ပတ်ရထားလမ်းများ၊ မြေအောက်ရထားလမ်းများကို နေပြည်တော်အတွင်း ပထဦးစွာ ဆောင်ရွက်ရမည်ဖြစ်ပြီး နောက်ပိုင်းတွင်း တစ်နိုင်ငံလုံး အသုံးပြုနိုင်သည်အထိ လုပ်ဆောင်သွား မည်ဖြစ်ကြောင်းလည်း စစ်ခေါင်းဆောင်က အစည်းအဝေးတွင် ပြောဆိုသည်။

ထိုမြေအောက်ရထားလမ်း၊ မြို့ပတ်ရထားလမ်းနှင့် လျှပ်စစ်ဘတ်(စ်) ကား စက်မှုလုပ်ငန်းများကို မည်သည့်အချိန်ကာလတွင် မည်သို့အကောင်အထည်ဖော် ဆောက်လုပ်သွားရန် အသေးစိတ်ကိုမှု အာဏာသိမ်း စစ်ခေါင်းဆောင်က ထည့်သွင်းပြောကြားခဲ့ခြင်း မရှိပေ။

နေပြည်တော်တွင် လူဦးရေ သန်း ၂၀ အထိ နေထိုင်နိုင်ရန် ရည်ရွယ်ထားသည့်အတွက် Green City၊ Clean City နှင့် Smart City မြို့တော် တစ်ခုဖြစ်စေရေး အဖက်ဖက်က အကောင်အထည်ဖော် သုံးသပ်ဆောင်ရွက်ရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထိုအစည်းအဝေးတွင် ညွှန်ကြားခဲ့သည်။

ယင်းအပြင် ဦးသိန်းစိန်အစိုးရလက်ထက်က လုပ်ကိုင်ခဲ့သည့် မွေးမြူရေးလုပ်ငန်းများအနက် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်ရန် ကျန်ရှိနေသေးသည့် မြေနေရာများအား ပြန်လည်စီစစ်ပြီး ဆက်လက်ဆောင်ရွက်ရန် မင်းအောင်လှိုင်က အစည်းအဝေးတွင် ပြောခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းချိန် ခြောက်လာကျော် ကြာမြင့်လာပြီဖြစ်သော်လည်း အာဏာသိမ်း စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား တစ်စုံတစ်ခုကိုမျှ ထိရောက်အောင် လုပ်ဆောင်နိုင်ခြင်းမရှိသေးသလို စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပွဲများကလည်း နေရာအနှံ့ ရှိနေဆဲ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required