ပြင်သစ်တောင်ပိုင်း တောမီးလောင်ကျွမ်းမှုကြောင့် လူထောင်ချီ ဘေးလွတ်ရာ ရွှေ့ပြောင်း

ပြင်သစ်တောင်ပိုင်း တောမီးလောင်ကျွမ်းမှုကြောင့် လူထောင်ချီ ဘေးလွတ်ရာ ရွှေ့ပြောင်း
Photo - AFP

ဩဂုတ် ၁၇

ပြင်သစ်နိုင်ငံတောင်ပိုင်း စိန့်ထရိုပက်ဇ် ဇိမ်ခံခရီးသွားအပန်းဖြေနေရာတစ်ခုအနီးမှာ တောမီးတွေ အပြင်းအထန် လောင်ကျွမ်းနေလို့ ယခုအခါမှာ ခရီးသွားတွေအပါအဝင် လူပေါင်းထောင်နဲ့ချီတို့ကို ဘေးလွတ်ရာ ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်ထားခဲ့ကြောင်း မီးသတ်ဌာနက သြဂုတ် ၁၇ ရက်မှာ ပြောပါတယ်။

အပူချိန် မြင့်တက်မှု၊ လေပြင်းတိုက်ခတ်မှု စတဲ့ ခက်ခဲတဲ့ အခြေအနေတွေအောက်မှာ မီးသတ်သမား ၇၅၀ ခန့် အပြင် မီးသတ်လေယာဉ်နဲ့ပါ ဝိုင်းပြီး တောမီးတွေကို ငြှိမ်းသတ်နေကြရပါတယ်။

“ကြိုတင် ကာကွယ်လုပ်ဆောင်မှုအဖြစ် လူပေါင်းထောင်နဲ့ချီကို ဘေးလွတ်ရာ ရွှေ့ပြောင်းမှုတွေ လုပ်ထားပြီးပါပြီ၊ တောမီးတွေကြောင့် ထိခိုက်ဒဏ်ရာရသူမရှိပါဘူး” လို့ မီးသတ်ဌာန ပြောရေးဆိုခွင့်ရှိသူ ဒယ်လ်ဖိုင်း ဗီအန်ကိုက ပြောပါတယ်။

တောမီးတွေဟာ အရမ်းကို ပြင်းထန်လွန်းနေတယ်လို့လည်း သူမက ဆိုပါတယ်။

ဒါဟာ ယခုနွေရာသီမှာ တောမီးလောင်ကျွမ်းမှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ မြေထဲပင်လယ် အနီးတဝိုက် ဒေသဝန်းကျင်မှာ ပြင်သစ်တောင်ပိုင်းဟာ ယခုနောက်ဆုံး တောမီးလောင်ကျွမ်းမှုနဲ့ ကြုံတွေ့လာရတာလည်း ဖြစ်ပါတယ်။

လူကြောင့် ဖြစ်တဲ့ ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ရာသီအလိုက် မကြုံစဖူး သဘာဝဘေးဖြစ်စဉ်တွေနဲ့ ပိုမို ကြုံတွေ့လာရလိမ့်မယ်လို့ ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင်တွေက သတိပေးထားပါတယ်။

ပြင်သစ် တောင်ပိုင်း မတိုင်မီ ဂရိ၊ တူရကီ၊ စပိန်၊ ပေါ်တူဂီ၊ အယ်လ်ဂျီးရီးယားနဲ့ မော်ရိုကို တို့မှာ ကြီးမားတဲ့ တောမီးလောင်ကျွမ်းမှုတွေဖြစ်ပေါ်ထားခဲ့ပါတယ်။

ပြင်သစ်တောင်ပိုင်း တောမီးလောင်ကျွမ်းမှုမှာတော့ သြဂုတ် ၁၆ ရက်က ဆိပ်ကမ်းမြို့ တူလွန်ရဲ့ အရှေ့မြောက် ကီလိုမီတာ ၁၀၀ ခန့်အကွာ ကားလမ်းမ မှတ်တိုင်တစ်ခုအနီး စတင်လောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။

ယင်းနောက်ပိုင်း သြဂုတ် ၁၇ ရက် မနက်ပိုင်းမှာ ယင်းဟာ သစ်တောနဲ့ ချုံထနောင်းတော ဟက်တာပေါင်း ၃,၅၀၀ ကျော်ကို ဆက်လက် ကူးစက်လောင်ကျွမ်းခဲ့တယ်လို့ မီးသတ်ဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly