ကမ္ဘာ့နိုင်ငံတချို့က ကိုဗစ်ကာကွယ်ရေးအစီအစဉ် 

17 August 2021
ကမ္ဘာ့နိုင်ငံတချို့က ကိုဗစ်ကာကွယ်ရေးအစီအစဉ် 

အမေရိကန်ပြည်ထောင်စုတွင်း ကိုဗစ်ကူးစက်မှုတွေ တနေ့တခြား တိုးလာနေတာကြောင့် အမေရိကန်ပြည်သူတွေကို ကိုဗစ်ကာကွယ်ဆေး တတိယတလုံး ထပ်ဆောင်းထိုးပေးဖို့ကိစ္စကို လာမယ့် သီတင်းပတ် ၂ ပတ်လောက်အတွင်း ထုတ်ပြန်ပြောမယ့်အကြောင်း အမေရိကန်ကျန်းမာရေးဌာန NIH ညွှန်ကြားရေးမှူး ဒေါက်တာ Francis Collins က တနင်္ဂနွေနေ့က Fox ရုပ်သံ အစီအစဉ်မှာ ပြောဆိုသွားပါတယ်။ လက်ရှိထိုးပြီးထားတဲ့ ကာကွယ်ဆေးက ထိရောက်မှုအပြည့် မရှိတော့မှာကို စိုးရိမ်လာကြတဲ့အကြောင်းနဲ့ တတိယတလုံး ထပ်ဆောင်းကာကွယ်ဆေးကို ကျန်းမာရေးဝန်ထမ်းတွေ၊ ကျန်းမာရေး စောင့်ရှောက်မှုဂေဟာတွေမှာ ရှိနေကြသူတွေနဲ့ အသက်အရွယ်ကြီးသူတွေကို အရင်ဆုံး ထိုးပေးမယ့်အကြောင်း သူကပြောပါတယ်။ မျိုးဗီဇ ဆင့်ကဲပြောင်းလဲလာတဲ့ ကူးစက်မြန် delta ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုတွေ အမေရိကန်ပြည်ထောင်စုတွင်း တနေ့တခြား တိုးလာနေတာမှာ နေ့စဉ်ကူးစက်မှု ၁ သိန်း ၂ သောင်း ၉ ထောင်လောက်အထိ ရှိပါတယ်။ လက်ရှိနေ့စဉ်ကူးစက်မှုက ဇူလိုင်လ အစပိုင်းကထက် အဆပေါင်း ၇၀၀ % တိုးလာတာ ဖြစ်ပါတယ်။ ကိုဗစ်ကပ်ဘေးဒဏ် အဆိုးရွားဆုံးရင်ဆိုင်ခဲ့ရတဲ့ ဒီနှစ်အစ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလတွေတုန်းကလိုပဲ အခုအချိန်မှာလည်း နေ့စဉ် ကူးစက်မှုက ၂ သိန်းနီးပါးအထိ ဖြစ်လာနေတာလို့ ဒေါက်တာ ကောလင်းစ်က ပြောပါတယ်။ Delta ဗိုင်းရပ်စ်ပိုးဟာ နိုင်ငံတဝှမ်းလုံးကို အလျင်အမြန် ပျံ့နှံ့နေတာဖြစ်ပြီး ကာကွယ်ဆေး လုံး၀ မထိုးရသေးသူတွေအတွက် ရောဂါကူးစက်ခံရဖို့ လွယ်ကူတာကြောင့် ကာကွယ်ဆေး ထိုးကြဖို့လည်း သူက တိုက်တွန်းပါတယ်။ လေ့လာစုဆောင်းထားတဲ့ အချက်အလက်တွေအရ ကာကွယ်ဆေး တတိယတလုံး ထပ်ဆောင်း ထိုးဖို့ လိုအပ်တယ်ဆိုရင် ဒါကို အမြန်ဆုံး ဖြန့်ေ၀ ထိုးပေးသွားဖို့ သေချာပေါက် ပြင်ဆင်လုပ်ဆောင်သွားမှာပါလို့ ကူးစက်ရောဂါဆိုင်ရာ အကြီးအကဲ ဒေါက်တာ Anthony Fauci ကလည်း CBS ရုပ်သံ “Face the Nation” အစီအစဉ်မှာ တနင်္ဂနွေနေ့က ပြောဆိုသွားပါတယ်။ Johns Hopkins ကိုရိုနာဗိုင်းရပ်စ် သုတေသနစင်တာ စာရင်းအရ အမေရိကန်ပြည်ထောင်စုမှာ လက်ရှိ ကိုဗစ်ကူးစက်ခံရသူပေါင်းကတော့ ၃၆.၇ သန်းရှိနေပြီး ကမ္ဘ္ဘာပေါ်မှာ ကူးစက်မှုအများဆုံး ရှိနေတဲ့နိုင်ငံဖြစ်ပါတယ်။   

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly