လန်ဒန်မြန်မာသံအမတ်ကြီးဟောင်း လုံခြုံရေးခြိမ်းခြောက်မှု ကြုံတွေ့ 

လန်ဒန်မြန်မာသံအမတ်ကြီးဟောင်း လုံခြုံရေးခြိမ်းခြောက်မှု ကြုံတွေ့ 

လန်ဒန်မြို့ မြန်မာသံအမတ်ကြီးဟောင်း ဦးကျော်စွာမင်းဟာ လုံခြုံရေးအရ ခြိမ်းခြောက်မှုတွေနဲ့ ကြုံနေရတာကြောင့် လန်ဒန်မြို့ ရဲတပ်ဖွဲ့နဲ့  ဗြိတိသျှနိုင်ငံခြားရေး ဓနသဟာယနဲ့ ဖွံ့ဖြိုးရေးရုံကို တိုင်ကြားထားတယ်လို့ Myanmar Accountability Project အဖွဲ့ဒါရိုက်တာ Christopher Gunness က ပြောပါတယ်။  သြဂုတ်လ ၁၄ ရက်နေ့ စနေနေ့ ညနေပိုင်းကတည်းက စစ်ကောင်စီဘက်က လူတချို့က လန်ဒန်မြောက်ပိုင်း ဦးကျော်စွာမင်း ဆက်ပြီး နေထိုင်နေတဲ့ အိမ်အပြင်ဘက်မှာ သွားလာနေတာ၊ ခြိမ်းခြောက် စောင့်ကြည့်နေတဲ့ အနေအထားတွေကို တွေ့ရတယ်လို့ ပြောပါတယ်။ ဒါကြောင့် ဦးကျော်စွာမင်းရဲ့ လုံခြုံရေးအတွက် သက်ဆိုင်ရာ အာဏာပိုင်တွေကို အကြောင်းကြားထားတယ်လို့ Myanmar Accountability Project အဖွဲ့ဒါရိုက်တာ Christopher Gunness ကပြောပါတယ်။ စစ်ကောင်စီဖက်က လူတချို့က ဦးကျော်စွာမင်းကို ခြိမ်းခြောက်တယ်ဆိုတဲ့ စွတ်စွဲချက်နဲ့ပတ်သက်လို့တော့ စစ်ကောင်စီဖက်က တစုံတရာတုန့်ပြန်ချက်မရသေးပါဘူး။သံအမတ်ကြီးဟောင်း ဦးကျော်စွာမင်းကို သံရုံးကို ပေးမဝင်ခဲ့တဲ့ဖြစ်ရပ်ဖြစ်ပြီးနောက်ပိုင်းမှာ၊ မြန်မာစစ်ကောင်စီဖက်က သံအမတ်သစ်တဦး ခန့်ထားလိုက်သလို ဒါကို ဗြိတိန်အစိုးရကလည်း အသိအမှတ်ပြုလုပ်ပြီးဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဦးကျော်စွာမင်းဟာ မြန်မာသံအမတ်ကြီးနေအိမ်မှာပဲ ဆက်ရှိနေပြီး၊ အိမ်ကို ဖယ်ပေးဖို့ စစ်ကောင်စီဖက်က ဖိအားပေးမှုတွေရှိနေတာပါ။ အခုလို ဦးကျော်စွာမင်းကို လုံခြုံရေးအရ ခြိမ်းခြောက်တဲ့ အပြုအမူတွေကို လုပ်ဆောင်နေတဲ့သူတွေဟာ လက်ရှိ UK အစိုးရကိုယ်တိုင်က သံတမန်အဖြစ် အသိအမှတ်ပြုလက်ခံထားတဲ့ လန်ဒန်မြန်မာသံရုံးတာဝန်ရှိသူတွေပါဝင် ပတ်သက်နေတာကြောင့် ဒါဟာ သံတမန်ကျင့်ဝတ်ကို  ဖောက်ဖျက် ကျုးလွန်ရာရောက်တယ်ဆိုပြီး UK အာဏာပိုင်တွေအနေနဲ့ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ဖို့နဲ့ ဒီလို ခြိမ်းခြောက်တဲ့  အပြုအမူတွေကို ရပ်တန့်ပေးဖို့ Myanmar Accountability Project  အဖွဲ့က တောင်းဆိုထားတာပါ။ ဒီလဆန်းပိုင်းတုန်းကလည်း နယူးယောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို  အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေ ရှိခဲ့တာကြောင့် နယူးယောက်မြို့ ရဲတပ်ဖွဲ့က ဒီကိစ္စနဲ့ ဆက်နွယ်ပတ်သက်နေသူ ၂ ဦးကို ဖမ်းဆီး ထိန်းသိမ်းခဲ့ပါတယ်။  စက်တင်ဘာလမှာ လက်ရှိသံအမတ်ကြီးတာဝန် သက်တမ်းကုန်ဆုံးမယ့် ဦးကျော်မိုးထွန်းနေရာကို  စစ်ကောင်စီဘက်က တခြားတယောက်နဲ့  အစားထိုး ခန့်အပ်ဖို့ ကြိုးစားနေတာဖြစ်ပြီး ဘယ်သူ့ကို သံအမတ်ကြီးအဖြစ်ခန့်အပ်မလဲ  ဆိုတာကိုတော့ ရှေ့လထဲ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မဲခွဲဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly