စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသမီးကို ဖမ်းဆီးမရသဖြင့် မိခင်၊ မောင်တော်စပ်သူအပါအဝင် ၅ ဦးကို စစ်ကောင်စီတပ်များက ဖမ်းခေါ်သွား

စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသမီးကို ဖမ်းဆီးမရသဖြင့် မိခင်၊ မောင်တော်စပ်သူအပါအဝင် ၅ ဦးကို စစ်ကောင်စီတပ်များက ဖမ်းခေါ်သွား

မဇ္ဈိမ/ သြဂုတ် ၁၆ ရက်

စစ်အာဏာသိမ်းပြီးနောက် တိုက်ပွဲများမကြာခဏဖြစ်ပွားနေသည့် ကယားပြည်နယ်က စစ်ဘေးရှောင်များကို ကူညီပေးနေသည့် အမျိုးသမီးတစ်ဦးကို ဖမ်းဆီးမရသဖြင့် မိခင်နှင့် မောင်တော်စပ်သူ အပါအဝင် ငါးဦးကို စစ်ကောင်စီတပ်များက ဖမ်းခေါ်သွားခဲ့ကြောင်း သိရသည်။

“ဘယ်လိုဖြစ်တာလဲဆိုတော့ ကျွန်မရဲ့ ဗော်လန်တီယာကောင်လေးက မနက်ပိုင်း ဈေးသွားဝယ်တော့ ကားပေါ်မှာ ကျွန်မတို့ တောမှာသုံးတဲ့ ထမင်းအိုးလေးရယ်၊ ကျွန်မတို့ရဲ့ emergency case တွေ၊ တောဘွတ်ဖိနပ်တွေ တွေ့တော့ မသင်္ကာလို့ ဆိုပြီး ဖမ်းသွားတာ။ ပထမဆုံးအဖမ်းခံရတဲ့ ကလေးကို သူတို့အမျိုးမျိုး စစ်မယ်ထင်တယ်။ ကျွန်မကို PDF ခေါင်းဆောင်လို့ ထင်လို့ လိုက်ရှာခိုင်းပုံရတယ်။ ကျွန်မကတော့ တိုက်ပွဲတွေဖြစ်ကတည်းက စစ်ရှောင်စခန်းတွေမှာပဲ နေတာပါ” ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသည့် အသက် ၂၇ နှစ်အရွယ် အမျိုးသမီးက မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီတပ်သားများက လွိုင်ကော်မြို့ပေါ်ရှိ နေအိမ်တွင် အသက် ၅ဝ အရွယ် မိခင်ဖြစ်သူ၊ အသက် ၂၃ နှစ်အရွယ် မောင်တော်စပ်သူနှင့် အသက်မပြည့်သေးသည့် ပရဟိတလူငယ် သုံးဦးတို့ကို သြဂုတ် ၁၄ ရက်၊ နေ့လယ် ၂ နာရီဝန်းကျင်က လာရောက်ဖမ်းခေါ်သွားခြင်းဖြစ်ကြောင်း ၎င်းအမျိုးသမီးကပြောသည်။

“PDF ကို ထောက်ပံ့ပေးနေတဲ့အဖွဲ့ဆိုလို့ ဖမ်းရင်တော့ ဘာမှ ပြောစရာမရှိပါဘူး။ ဘာကိစ္စမှ မပတ်သက်ဘဲ စစ်ရှောင်သက်သက်ပဲ ကူညီပေးနေတာကို လုပ်တော့ စိတ်မကောင်းတော့ ဖြစ်မိပါတယ်။ အရှေ့တလောကဆိုရင်လည်း ဖရူးဆိုအနောက်ပိုင်းမှာ သွားလှူတာ စစ်ဘေးရှောင်ပြည်သူတွေအတွက် ဆန်အိတ် ၇ဝ၊ ၈ဝ လောက်ပါတော့ အဲ့လောက် များတယ်ဆိုရင် စစ်ရှောင်ထောက်ပံ့တာမဟုတ်နိုင်ဘူး။ ဖမ်းလို့ရတယ်။ သတ်လို့ ရတယ်ဆိုပြီး အမျိုးမျိုးခြိမ်းခြောက်ပြီး အကုန်ဓာတ်ပုံ ရိုက်သွားတာတွေရှိတယ်” ဟု ၎င်းက ဆက်ပြောသည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်‌သည့် ဒေသခံလက်နက်ကိုင် တပ်ဖွဲ့များနှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများဖြစ်ပွားနေသော ကယားပြည်နယ်တွင် စစ်ဘေးရှောင်ပြည်သူ အရေအတွက်တိုးလာနေပြီး စစ်ကောင်စီ၏ ပိတ်ဆို့မှုများကြောင့် စစ်ဘေးရှောင်များအနေဖြင့် ဆေးဝါးနှင့် စားနပ်ရိက္ခာအခက်အခဲများကိုလည်း ရင်ဆိုင်နေရကြောင်း စစ်ဘေးရှောင်များကို ကူညီဆောင်ရွက်ပေးနေသူများက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly