စစ်ကောင်စီခန့် ပုလောမြို့၊ လက္ကူးကျေးရွာ အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်ခတ်ခံရ

စစ်ကောင်စီခန့် ပုလောမြို့၊ လက္ကူးကျေးရွာ အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်ခတ်ခံရ

ဩဂုတ် ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့အတွင်းရှိ စစ်ကောင်စီခန့် လက္ကူးကျေးရွာအုပ်ချုပ်ရေးမှူး ဦးသက်နိုင်သည် ဩဂုတ်လ ၁၄ရက် ည ၁ဝ နာရီဝန်းကျင်က သေနတ်နှင့် ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိခဲ့ကြောင်း လက္ကူးရွာဒေသခံတစ်ဦးက ပြောသည်။

"ညကသေနတ်သံနှစ်ချက်ကြားတယ်။ တူးမီးသေနတ်ထင်တယ်။ အသံကအကျယ်ကြီးပဲ။ လူနာတင်ကားလဲရောက်လာတယ်။ သေနတ်နဲ့ ပစ်ခံရတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးကို ရွာက သားဖွားဆရာ မြအေးက အရေးပေါ်လူနာတင်ကား လာခေါ်ပေးဖို့ အရေးကြီးခနခနဆက်သွယ်ခေါ်ယူပေးခဲ့လို့ အခုလိုအုပ်ကြီးကံကောင်းခဲ့ရတာဖြစ်ပါတယ် " ဟု ဒေသခံက ပြောသည်။

သေနတ်ပစ်ခတ်ခံရမှုကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးဦးသက်နိုင်၏ လည်ပင်းကို ခဲကျည် ၂ချက်၊ ပခုံးကို ခဲကျည်ထိ ၄ချက်နှင့် နောက်ကျောကို ကျည်၂ချက်ထိမှန်ခဲ့ပြီး လက်ရှိအချိန်တွင် အသက်အန္တရာယ်မစိုးရိမ်ရတော့ဘဲ စကားပြောနိုင်နေပြီဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီခန့် လက္ကူးကျေးရွာအုပ်ချုပ်ရေးမှူး ဦးသက်နိုင်၏ နေအိမ်တွင် ပြီးခဲ့သည့် ဇူလိုင်လ ၅ရက်ကလည်း လက်လုပ်ဗုံးခွဲခံခဲ့ရသေးကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ပထမအကြိမ်နေအိမ်ဗုံးပေါက်ခဲ့စဉ်က လက္ကူးကျေးရွာအုပ်ချုပ်ရေးမှူးသက်နိုင်သည် အုပ်ချုပ်ရေးမှူးအဖြစ်မှ နှုတ်ထွက်စာတင်ကြောင်းပြောဆိုခဲ့သော်လည်း လက်ရှိအချိန်ထိ ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ် ဆက်လက်လုပ်ကိုင်နေ‌သေးကြောင်း ဒေသခံများက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly