ပေကျင်းဆောင်းရာသီ အိုလံပစ်ပွဲတွင် ကနေဒါအားကစားသမားများအတွက် လုံခြုံမှုမရှိနိုင်ဟု အတိုက်အခံပါတီခေါင်းဆောင် ပြောကြား

ပေကျင်းဆောင်းရာသီ အိုလံပစ်ပွဲတွင် ကနေဒါအားကစားသမားများအတွက် လုံခြုံမှုမရှိနိုင်ဟု အတိုက်အခံပါတီခေါင်းဆောင် ပြောကြား

တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ကျင်းပမည့် ၂၀၂၂ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲအတွက် သွားကြမည့် ကနေဒါ နိုင်ငံသားများအတွက် အန္တရာယ်ကြုံတွေ့ရနိုင်ကြောင်း ကနေဒါ ကွန်ဆာဗေးတစ် အတိုက်အခံပါတီ ခေါင်းဆောင်က သတိပေးလိုက်သည်။

ဩဂုတ် ၁၀ ရက်က အွန်တာရီရိုမြို့၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပါတီခေါင်းဆောင် အီရင်အိုတိုလေးက “တရုတ်နိုင်ငံကို သွားမယ့် အိုလံပစ်အားကစးသမားတွေအပါအဝင် ကနေဒါနိုင်ငံသား တွေအတွက် လုံခြုံမှုမရှိတဲ့ အခြေအနေကို ကြုံတွေ့နေရပါတယ်” ဟု ပြောကြားသည်။

ကနေဒါ စီးပွားရေး လုပ်ငန်းရှင် မိုက်ကယ်စပါဗာအား သူလျှိူမှုဖြင့် တရုတ်အစိုးရက ထောင်ဒဏ် ၁၁ နှစ် အမိန့်မချမှတ်မီ အချိန်တွင် အိုတိုလေးက ယခုကဲ့သို့ မှတ်ချက်ပေးလိုက်ခြင်း ဖြစ်သည်။ ဟွာဝေး ဆက်သွယ်ရေးကုမ္ပဏီ၏ အကြီးတန်း အမှုဆောင်အရာရှိ မန်ဝန်ကျိုးကို ကနေဒါအစိုးရက ဖမ်းဆီးပြီး ရက်အနည်းငယ်အကြာတွင် စပါဗာကို ဖမ်းဆီးလိုက်ခြင်းဖြစ်ပြီး တရုတ်အစိုးရက အပြန်အလှန်ဖမ်းဆီးခြင်း နည်းလမ်းကို ကျင့်သုံးခြင်းဖြစ်သည်ဟု စွပ်စွဲမှုများ ဖြစ်ပေါ်ခဲ့သည်။

အီရန်အပေါ် ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှုများအား ချိုးဖောက်ကြောင်း သံသယရှိမှုဖြင့် မန်ကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

မန်အား ဖမ်းဆီးပြီးနောက် တတိယမြောက်ဖမ်းဆီးထားသည့် ကနေဒါနိုင်ငံသား ရောဘတ်ရှယ်လင်ဘာ့ဂျ်အား မူးယစ်ဆေးမှုဖြင့် ထောင်ဒဏ်ချမှတ်ထားခြင်းကို သေဒဏ်သို့ ရုတ်တရက် တိုးမြှင့်လိုက်ခြင်းအပေါ် အယူခံမှုအား တရုတ်တရားရုံးက ပယ်ချလိုက်ပြီးနောက်တွင် အိုတိုလေးက ယခုကဲ့သို့ သတိပေးလိုက်ခြင်း ဖြစ်သည်။ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲနှင့် ပတ်သက်၍လည်း ၎င်းက “ကနေဒါက ဒီပွဲကို သပိတ်မှောက်သင့်ပါတယ်” ဟု ပြောကြားသည်။

“ဆုံးဖြတ်ချက်ကို ကျွန်တော်တို့ အသေအချာဂရုတစိုက် စောင့်ကြည့်ရမယ်လို့ ကျွန်တော်ပြောထားပါတယ်။ ဝီဂါတွေအပေါ်မှာ လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်တာကို ကမ္ဘာက စောင့်ကြည့်နေတယ်ဆိုတာ တရုတ်အစိုးရက သိပါတယ်။ ဟောင်ကောင်မှာ ဖြစ်နေတာတွေနဲ့ ရှယ်လန်ဘာ့ဂျ်၊ စပါဗာ၊ ကော့ဗ်ရစ်ဂျ်တို့ရဲ့ အခြေအနေတွေကို သူတို့စောင့်ကြည့်နေကြတယ်” ဟု ၎င်းက ပြောကြားသည်။

ရှယ်လန်ဘာ့ဂျ်၏ အယူခံအား ပယ်ချခြင်သည် ကနေဒါနိုင်ငံသားတစ်ယောက်အား နိုင်ငံရေးအကြောင်းကြောင့် အသက်သေဆုံးအောင် ပြုလုပ်ခြင်း ဖြစ်သည်ဟုလည်း အိုတိုလေးက ပြောကြားခဲ့သည်။

တိဘက်၊ ထိုင်ဝမ်၊ ဝီဂါလူမျိုးများနှင့် ဟောင်ကောင်အရေးတို့အား ဆောင်ရွက်နေသည့် ဒေသဆိုင်ရာအဖွဲ့အစည်းများ အဓိကပါဝင်သော လူ့အခွင့်အရေးအဖွဲ့များ၏ ညွန့်ပေါင်းအဖွဲ့က ယခုနှစ်အစောပိုင်းတွင် အိတ်ဖွင့်ပေးစာတစ်စောင် ထုတ်ပြန်ခဲ့ရာတွင် တရုတ်အစိုးရအနေဖြင့် ၂၀၀၈ ခုနှစ်

နွေရာသီအိုလံပစ်ပြိုင်ပွဲတွင် လုပ်ခဲ့သလို မလုပ်စေရန် သက်ဆိုင်ရာအစိုးရများက ယခုကျင်းပမည့် ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲအား သပိတ်မှောက်ရန် တောင်းဆိုတိုက်တွန်းခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဝမ်ဝင်ဘင်းက သပိတ်မှောက်မှုများကို နိုင်ငံတကာအသိုင်းအဝိုင်းက ထောက်ခံလိမ့်မည်မဟုတ်သလို အောင်မြင်မည်လည်း မဟုတ်ကြောင်း အဆိုပါ အိတ်ဖွင့်ပေးစာကို တုံ့ပြန်ခဲ့သည်။

နိုင်ငံတကာအိုလံပစ်ကော်မတီ (IOC) အနေဖြင့်လည်း လူ့အခွင့်အရေးဆိုင်ရာ အကဲဖြတ်ချက်များအပေါ် ထည့်သွင်းတွက်ချက်ရန် ပျက်ကွက်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့က စွပ်စွဲထားသည်။

“တရုတ်အာဏာပိုင်တွေက ဝီဂါတွေနဲ့ အခြားမွတ်စလင်တွေကို ဥပဒေမဲ့ ဖမ်းဆီးတာတွေ၊ နိုင်ငံအဆင့် စုံစမ်းထောက်လှမ်းတာတွေ ပိုမိုလုပ်ဆောင်လာတာတွေနဲ့ ငြိမ်းချမ်းစွာ ဝေဖန်သူတွေကို နှုတ်ဆိတ်အောင် လုပ်ဆောင်တာတွေကို IOC က သိပါတယ်” ဟု တရုတ်နိုင်ငံဆိုင်ရာ လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့၏ ညွှန်ကြားရေးမှူး ဆိုဖီရစ်ချက်ဆန်က ဖေဖော်ဝါရီလအတွင်း ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required