တော်လှန်ရေးတွင် ပူးပေါင်းသည့်အနေဖြင့် “အောင်လံလွှင့်ချီ နွေဦးထီ” ကိုကံစမ်းကြဖို့ NUG ဝန်ကြီး တိုက်တွန်း

တော်လှန်ရေးတွင် ပူးပေါင်းသည့်အနေဖြင့် “အောင်လံလွှင့်ချီ နွေဦးထီ” ကိုကံစမ်းကြဖို့ NUG ဝန်ကြီး တိုက်တွန်း

ဩဂုတ် ၁၄

စစ်ကောင်စီ၏ ခြိမ်းခြောက်မှုများကို မမှုဘဲ တော်လှန်ရေးတွင် ပူးပေါင်းပါဝင်သည့် သဘောဖြင့် “အောင်လံလွှင့်ချီ နွေဦးထီ” ကို ထိုးကြရန် ပြည်သူများကို တိုက်တွန်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က မဇ္ဈိမကို ပြောသည်။

NUG ၏ “အောင်လံလွှင့်ချီ နွေဦးထီ”ကို လာမည့်ဩဂုတ် ၁၅ ရက်တွင် စတင် ဖွင့်လှစ်ရောင်းချသွားမည် ဖြစ်သည်။

“ပြည်သူတွေအနေနဲ့ ထီထိုးတယ်ဆိုတာထက် တော်လှန်ရေးမှာ ပူးပေါင်းပါဝင်နေတယ်ဆိုတဲ့ အောင်စိတ်နဲ့ နွေဦးထီကို အားပေးကြပါ။ ဘဏ်အကောင့်တွေနဲ့ မချိတ်ဆက်တဲ့ သာမန်ငွေပေးချေမှုပုံစံနဲ့သာ ဆောင်ရွက်ပေးပါ။ ထီထိုးတဲ့သူနဲ့ စာတိုပေးပို့ ဆက်သွယ်မှာက ပြည်ပမှာရှိတဲ့ ဆားဗစ်စင်တာကနေ ဆက်သွယ်မှာဖြစ်ပြီး ထီထိုးသူရဲ့ အချက်အလက်လုံခြုံရေးကို အထူးအာမခံချက် ပေးထားပါတယ်။ ငွေပေးချေမယ့် ပုံစံကို ရွေးချယ်ရာမှာ ပုဂ္ဂိုလ်ရေးအချက်အလက် ခြေရာခံလို့ မရတဲ့ ဆင်းကဒ်အသစ် တစ်ခုသီးသန့်ထားပြီး ဆောင်ရွက်စေချင်ပါတယ်။ အထူး မေတ္တာရပ်ခံလိုတာက နွေဦးထီက တစ်ရက်ထဲရောင်းမှာ မဟုတ်တဲ့အတွက် ထီစဖွင့်မယ့် ၁၅ ရက်နေ့အမီ အလောတကြီး ထိုးစရာမလိုအပ်ပါဘူး။ အစစအရာရာ အဆင်သင့်ဖြစ်ပြီဆိုမှသာ ထီကို စတင်ထိုးသင့်ပါတယ်။” ဟု ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောသည်။

စစ်အာဏာရှင်ပြုတ်ကျရေးအတွက် အရေးပါသည့်ထီကို စတင်ဖွင့်လှစ်မည့် ဩဂုတ် ၁၅ ရက်တွင် စစ်ကောင်စီဘက်က အင်တာနက်လိုင်းများ ပိတ်ခဲ့ပါက နောက်ရက်များတွင် ပြန်ရောင်းမည် ဖြစ်ပြီး ပိတ်ဆို့မှုတစ်စုံတစ်ရာ ပြုလုပ်ပါက ကျော်လွှားသွားနိုင်ရန်လည်း စီစဉ်ထားကြောင်း သိရသည်။

“ပြည်သူတွေ စိတ်ရှည်ရှည်နဲ့ ဆောင်ရန်ရှောင်ရန်တွေကို အတိအကျ လိုက်နာပြင်ဆင်ပြီး ပူးပေါင်းဆောင်ရွက်ရင် သေချာပေါက် အောင်မြင်မှာပါ။ သူတို့လုပ်နိုင်တာက အကုန်လုံး လိုက်ပိတ်တာလောက်ပဲ တတ်နိုင်မှာပါ။ အဲ့သလိုဆိုရင်လည်း သူတို့ရဲ့ ယန္တရားကို အကြီးအကျယ် ထိခိုက်စေမှာပဲ ဖြစ်ပါတယ်။ ပြည်သူက ထီမထိုးရလို့ ဘာမှမဖြစ်ပါဘူး” ဟု ဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောသည်။

ထီကံစမ်းနိုင်ရန်အတွက် NUG ၏တရားဝင် ဖေ့စ်ဘွက် စာမျက်နှာများတွင် မျှဝေထားသည့် လင့်ခ်ကို နှိပ်ကာ အဆင့်ဆင့် ရွေးချယ်ထိုးနိုင်ပြီး ထီပေါက်ခဲ့ပါက ဆုငွေကို "ယူမှာလား ပြန်လှူမှာလား" ဆိုသည့် ရွေးချယ်မှုလဲ ပါရှိမည် ဖြစ်သည်။

ပြန်လှူခဲ့လျှင် လှူသည့်ငွေများကို အမျိုးသားညီညွတ်ရေးအစိုးရ၏ လိုအပ်နေသည့်နေရာများတွင် သုံးစွဲသွားမည်ဖြစ်ပြီး လှူဒါန်းသူများကို ဂုဏ်ပြုလက်မှတ်ချီးမြှင့်သွားမည်ဟု သိရသည်။

ထီတစ်စောင်ကို ၂၀၀၀ ကျပ်သက်မှတ်ထားပြီး အနည်းဆုံး ငါးစောင်ကနေ အများဆုံး အစောင်၅၀ အထိ ကံစမ်းနိုင်မည် ဖြစ်သည်။ ထီရောင်းချရသည့်ငွေ စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းကို ပြည်သူ့ဝန်ထမ်း CDM သမားများထံသို့ လွှဲအပ်သွားမည် ဖြစ်ပြီး ၃၀ ရာခိုင်နှုန်းကို ဆုမဲအဖြစ် ပြန်လည် ပေးအပ်သွားမည် ဖြစ်သည်။

ထီဆုတစ်ဆုလျှင် ၁၅ သိန်းအညီအမျှ သတ်မှတ်ထားပြီး ရောင်းရငွေ၏ ၃၀ရာခိုင်နှုန်းအား ဆုကြေးအဖြစ်ပြန်လည်ပေးအပ်သွားမည်ဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ ( NUG ) ကရောင်းချမည့် E-Lottery ဖြစ်သည့် “အောင်လံလွှင့်ချီ နွေဦးထီ” များကို ၀ယ်ယူသူများ၏ ငွေပေးချေမှုနှင့် ဆက်စပ်သည့် ဘဏ်စာရင်းများကို ပိတ်သိမ်းခြင်း၊ငွေများကို ထိန်းချုပ်ခြင်းတို့ ဗဟိုဘဏ်က ပြုလုပ်နိုင်ကြောင်း စစ်ကောင်စီလက်အောက်ခံ အောင်ဘာလေသိန်းဆုဌာနခွဲ၏ ညွှန်ကြားရေးမှူး ဦးညီညီလှိုင်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required