အိန္ဒိယသမုဒ္ဒရာတွင် ဆော်ဒီနှင့် အိန္ဒိယရေတပ်တပ်ဖွဲ့များ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုစတင်

By Saudi Gazette
13 August 2021
အိန္ဒိယသမုဒ္ဒရာတွင် ဆော်ဒီနှင့် အိန္ဒိယရေတပ်တပ်ဖွဲ့များ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုစတင်

အရှေ့ဖျားရေတပ်သင်္ဘောအုပ်စုကို ကိုယ်စားပြုသော တော်ဝင်ဆော်ဒီရေတပ် တပ်ဖွဲ့များ (RSNF) နှင့် အိန္ဒိယရေတပ် တပ်ဖွဲ့များသည် သြဂုတ်လ ၁၀ရက်က အာရေဗျပင်လယ်ကွေ့တွင် ပူးပေါင်းစစ်ရေးလေ့ကျင့်မှုစတင်ခဲ့သည်။

ယင်းလေ့ကျင့်မှုသည် ၂နိုင်ငံအကြားအတွေ့အကြုံဖလှယ်ရန်နှင့် အာရေဗျပင်လယ်ကွေ့တွင် လွတ်လပ်စွာ သွားလာမှုနှင့် လုံခြုံဘေးကင်းရေးအတွက် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်။

“ အိန္ဒိယသမုဒ္ဒရာတွင် စစ်ရေးလေ့ကျင့်မှုသည် ဆော်ဒီနှင့် အိန္ဒိယရေတပ်တပ်ဖွဲ့များအကြား ပထမဆုံးအကြိမ် ဖြစ်ပြီး ယင်းစစ်ရေးလေ့ကျင့်မှုများက အိန္ဒိယနှင့် ဆော်ဒီအာရေးဗီးယားအကြား ရေတပ်စစ်ဆင်ရေး နယ်ပယ်တွင် စစ်ရေးပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရန် ကြိုးပမ်းချက် ဖြစ်သည်” ဟု ကြေညာချက်တစ်စောင်တွင် အရှေ့ဖျားရေတပ်သင်္ဘောအုပ်စုမှ ဒုတိယဗိုလ်ချုပ်ကြီး အယ်ကွာတာနီက ပြောကြားခဲ့သည်။

အိန္ဒိယနှင့် ဆော်ဒီအာရေးဗီးယားတို့သည် ကုန်သွယ်မှု၊ စီးပွားရေးအခွင့်အလမ်းများ၊ အခြေခံအဆောက် အဦဖွံ့ဖြိုးရေး၊ ကူးသန်းရောင်းဝယ်ရေး၊ ဆေးသုတေသန၊ လူများအပြန်အလှန်သွားရောက်မှု၊ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုနှင့် စစ်ရေးလေ့ကျင့်မှုများအပါအဝင်ဘက်စုံကဏ္ဍစုံ၌ တိုးတက်ရေးကို ဦးတည်သည့် ကောင်းမွန်သော ခရီးတစ်ခုစတင်ခဲ့သည်။

ဆော်ဒီ၏ အားကြိုးမာန်တက်အားပေးထောက်ပံ့မှုနှင့်အတူ အိန္ဒိယရေတပ်သင်္ဘောများ လာရောက်လည်ပတ်မှု တိုးတက်လာသည်နှင့်အမျှ နှစ်နိုင်ငံကာကွယ်ရေးဆိုင်ရာစေ့စပ်ညှိနှိုင်းမှုများသည် မကြာသေးမီကာလများတွင် သိသိသာသာ တိုးတက်လာသည်ကိုတွေ့ရသည်။

ဒေသအတွက် မဟာဗျူဟာအမြင်တူညီခြင်းက ကာကွယ်ရေးဆိုင်ရာဆက်ဆံမှုနယ်ပယ်တွင် နှစ်နိုင်ငံစလုံး အတွက် အရေး ပါသောအစိတ်အပိုင်းတစ်ခုဖြစ်ခဲ့ပြီး ပထမဆုံးနှစ်နိုင်ငံ ရေတပ်စစ်ရေးလေ့ကျင့်မှုက အိန္ဒိယအနေဖြင့် ဆော်ဒီနှင့် ခိုင်မာသောဆက်ဆံရေးရှိကြောင်းကို သက်သေပြနေသည်။

ရေတပ်စစ်ရေးလေ့ကျင့်မှုက နှစ်နိုင်ငံရေတပ်များအကြား နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရေးကို တိုးတက်စေမည်ဖြစ်သည်။

ဒေသတွင်းရေကြောင်းဆိုင်ရာစိုးရိမ်မှုများကို ဖြေရှင်းရန် အိန္ဒိယရေတပ်သင်္ဘောများကို မကြာသေးမီက တပ်ဖြန့်ချထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly