ရုရှမှာ ကပ်ဘေး စတင်ချိန်မှ နောက်ပိုင်း တစ်ရက်တာ အများဆုံး စံချိန်တင် သေဆုံးမှုကြုံ 

ရုရှမှာ ကပ်ဘေး စတင်ချိန်မှ နောက်ပိုင်း တစ်ရက်တာ အများဆုံး စံချိန်တင် သေဆုံးမှုကြုံ 
Photo - AFP

ဩဂုတ် ၁၃

အင်တိုက်အားတိုက် ကာကွယ်ဆေး ထိုးနှံပေးနေပေမယ့် တတိယလှိုင်း အရှိန်ကောင်းနေဆဲ ရုရှနိုင်ငံမှာ ကပ်ဘေးစတင်ချိန်မှနောက်ပိုင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်ရက်တာ သေဆုံးနှုန်း အများဆုံးအဖြစ် ကြာသပတေးနေ့မှာ စံချိန်တင် သေဆုံးနှုန်းနဲ့ ကြုံခဲ့ရပါတယ်။ 

ဗိုင်းရပ်စ်ကြောင့် တစ်နေ့အတွင်း သေဆုံးသူ ၈၀၀ ကျော်ခဲ့ရတဲ့ ပထမဆုံးအကြိမ်အဖြစ် ပြီးခဲ့တဲ့ ၂၄ နာရီအတွင်းမှာ သေဆုံးသူ ၈၀၈ ဦး ရှိပြီး ကူးစက်ဖြစ်ပွားသူက ၂၁၉၃၂ ဦးရှိတယ်လို့ အစိုးရက စစ်တမ်းကောက်ယူ ရရှိပါတယ်။ 

ကူးစက်ဖြစ်ပွားနှုန်းအရ ကမ္ဘာမှာ စတုတ္ထမြောက် အဆိုးဝါးဆုံးကြုံနေရတယ်လို့ အေအက်ဖ်ပီရဲ့ စစ်တမ်းက ဖော်ပြထားတဲ့ ရုရှနိုင်ငံအနေနဲ့ Delta ကိုရိုနာမျိုးကွဲကြောင့် ဖြစ်တဲ့ ပြင်းထန်တဲ့ တတိယလှိုင်းကို ဇွန်လလယ်ကစလို့ ရင်ဆိုင်နေရတာပါ။ 

အာဏာပိုင်တွေမှာလည်း ကာကွယ်ဆေးအပေါ် မယုံကြည် လက်မခံသူ လူဦးရေနဲ့ ရင်ဆိုင်နေရပြီး ရုရှပြည်သူ ၅၅ ရာခိုင်နှုန်းက ကာကွယ်ဆေး ထိုးနှံခံဖို့ အစီအစဉ် ရှိမနေကြောင်း လွတ်လပ်သော Levada Centre ရဲ့ စစ်တမ်းကောက်ယူချက်အရ သိရပါတယ်။ 

နိုင်ငံမှာ ကာကွယ်ဆေး ထိုးနှံရေးကို အရှိန်မြှင့်တင်ဖို့အတွက် နိုင်ငံရဲ့ ကူးစက်မှု ဗဟိုချက် မော်စကိုမြို့တော်နဲ့ နယ်မြေဒေသတွေရဲ့ ကူးစက်နှုန်း ဆိုးဝါးတဲ့ နေရာတွေမှာ မဖြစ်မနေ ကာကွယ်ဆေး ထိုးနှံခံရမယ့် စည်းမျဉ်းတွေကို ချမှတ်ထားပြီး ရုရှပြည်သူတွေ ကာကွယ်ဆေး ထိုးနှံခံကြဖို့ကို သမ္မတ ဗလာဒီမာပူတင်က အကြိမ်ကြိမ် တိုက်တွန်းနေရပါတယ်။ 

ဒါပေမဲ့ ကြာသပတေးနေ့အထိ အပြည့်အဝ ကာကွယ်ဆေး ထိုးနှံခံပြီးသူ ဦးရေဟာ ရုရှပြည်သူ ၁၄၆ သန်းနီးပါးမှာ ၂၈ ဒသမ ၈ သန်းပဲ ရှိထားတယ်လို့ ဒေသတွေက ကိုဗစ်အချက်အလက်တွေကို ဆန်းစစ်တဲ့ Gogov ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ 

ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ စုစုပေါင်း ၁၆၈၀၄၉ ဦး ရှိနေတာကြောင့် ရုရှဟာ ဥရောပမှာ ကိုဗစ်-၁၉ ကြောင့် တရားဝင် သေဆုံးနှုန်း အများဆုံး နိုင်ငံပဲ ဖြစ်ပါတယ်။ ဒီလိုကြားက နိုင်ငံရဲ့ ကူးစက်ဖြစ်ပွားမှု ပြင်းထန်တာနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေဟာ လျှော့ချပြောဆိုနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ရှိထားတာပါ။ 

ကိုရိုနာဗိုင်းရပ်စ်နဲ့ ဆက်စပ်တဲ့ သေဆုံးမှုတွေကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းတွက်ချက်မယ်ဆိုရင် ရုရှနိုင်ငံမှာ ဇွန်လအကုန်အထိ သေဆုံးသူဟာ သုံးသိန်းထက်မနည်းဘူး ရှိနေနိုင်တယ်လို့ စာရင်းအင်းအချက်အလက် အေဂျင်စီ Rostat က ထုတ်ပြန်ထားပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly