ကိုဗစ်ရောဂါနဲ့ကိုဗစ်ဆေးများအလားအလာ

13 August 2021
ကိုဗစ်ရောဂါနဲ့ကိုဗစ်ဆေးများအလားအလာ

တခြားရောဂါတွေအတွက် အသုံးပြုနေတဲ့ ဆေး ၃ မျိုးကို ကိုဗစ်ရောဂါကို ကုသရာမှာ စတင်စမ်းသပ်ကြည့်ဖို့ ပြင်ဆင်နေကြောင်း (WHO) ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ပြောလိုက်ပါတယ်။ ကိုဗစ်ရောဂါကို ကုသဖို့ နည်းလမ်းသစ်တွေ ရှာဖွေနေရာမှာ ပြင်းထန်တဲ့ ငှက်ဖျားရောဂါကုသရာမှာ အသုံးပြုတဲ့ artesunate ထိုးဆေး၊ တချို့ကင်ဆာရောဂါတွေအတွက် သုံးတဲ့ imatinib အမားတနစ် ဆေးနဲ့ ခန္ဓာကိုယ်တွင်း ခုခံအားစနစ် ပုံမှန်မဟုတ်တဲ့ ရောဂါတွေအတွက်သုံးတဲ့ infliximab၊ ဒီဆေး ၃ မျိုးကို စမ်းသပ်မှာဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲမှာ WHO အကြီးအကဲ ဒေါက်တာ Tedros Adhanom Ghebreyesus ဂက်ဘရီယက်စဆက်စ် က ဗုဒ္ဓဟူးနေ့က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ ရုံးချုပ်မှာ ကျင်းပတဲ့ အွန်လိုင်း သတင်းစာရှင်းလင်ပွဲမှာပြောသွားတာပါ။ အလားအလာရှိတဲ့ ကုထုံးတွေအတွက် အချက်အလက် အထောက်အထားတွေကို ဆန်းစစ်လေ့လာရတဲ့ သီးခြားလွတ်လပ်တဲ့ ကျွမ်းကျင်သူ အဖွဲ့က ဒီဆေးတွေကို ရွေးချယ်ခဲ့တာပါလို့ WHO ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus ကပြောပါတယ်။ Solidarity PLUS လို့ အမည်ပေးထားတဲ့ စမ်းသပ်လေ့လာမှုမှာ နိုင်ငံပေါင်း ၅၂ နိုင်ငံက ဆေးရုံပေါင်း ၆၀၀ ကျော်မှာ ထောင်နဲ့ချီတဲ့ သုတေသီတွေ ပါဝင်မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။ သုတေသန လေ့လာမှုမှာ ပူးပေါင်းပါဝင်ကြတဲ့ အစိုးရတွေ၊ ဆေးရုံတွေ၊ သုတေသီတွေနဲ့ လူနာတွေအပြင် စမ်းသပ်မှုအတွက် ဆေးဝါးတွေ လှူဒါန်းကြတဲ့ ဆေးကုမ္ပဏီ ၃ ခုဖြစ်တဲ့ Ipca Laboratories, Novartis နဲ့ Johnson & Johnson တို့ကိုလည်း WHO အကြီးအကဲက ကျေးဇူးတင်စကား ပြောကြားခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်ထဲ အလားအလာရှိတဲ့ ကိုဗစ်ရောဂါ ကုထုံး ၄ ခုကို နိုင်ငံပေါင်း ၃၀ က ဆေးရုံပေါင်း ၅၀၀ ကျော်မှာ လူနာ ၁၃၀၀၀ ကို စမ်းသပ်ခဲ့ရာမှာတော့ ကနဦးရလဒ်တွေအရ ထိရောက်မှုရှိတာ မတွေ့ရပဲ နောက်ဆုံး ရလဒ်တွေကိုတော့ ရှေ့လထဲလောက်မှာ သိရလိမ့်မယ်လို့လည်း ပြောပါတယ်။ ကမ္ဘာတဝန်း ကိုဗစ်ရောဂါကူးစက်သူ သန်း ၁၀၀ ပြည့်ခဲ့ပြီး ၆ လ အကြာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ သန်း ၂၀၀ အထိ တိုးလာချိန်မှာ ကုထုံးသစ်တွေရှာဖို့ ပြင်ဆင်နေတာလို့လည်း WHO အကြီးအကဲက ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly