မြင်းခြံတွင် သေနတ်နှင့်ပစ်ခံရ၍ ရှစ်လအရွယ် ကလေးငယ် သေဆုံး ၊ ၂ဦးဒဏ်ရာရ

By The Nation Voice
12 August 2021
မြင်းခြံတွင် သေနတ်နှင့်ပစ်ခံရ၍ ရှစ်လအရွယ် ကလေးငယ် သေဆုံး ၊ ၂ဦးဒဏ်ရာရ

သြဂုတ် ၁၂

မြင်းခြံမြို့၊ အမှတ် (၄) ရပ်ကွက်တွင် ယနေ့နံနက် ၇ နာရီဝန်းကျင်က သေနတ်သမားများက ပစ်ခတ်မှုကြောင့် ရှစ်လသားအရွယ် ကလေးငယ်တစ်ဦး ကျည်ဆံ ထိမှန်သေဆုံးခဲ့ပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မုန့်ဟင်းခါးရောင်းချသူ ဦးငြိမ်းချမ်း၏ ဆိုင်သို့ ဆိုင်ကယ်နှစ်စီးဖြင့် လူလေးဦး ရောက်လာကာ ပစ်ခတ်ပြီးနောက် ဦးငြိမ်းချမ်း၏ သမီးဖြစ်သူ ကျည်ထိမှန်သေဆုံးခဲ့ကာ ဦးငြိမ်းချမ်းတို့ လင်မယားမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်း ဖြစ်သည်။

" လာပစ်တာက ဆိုင်ကယ်နှစ်စီးနဲ့ လူလေးယောက်လို့ ပြောတယ်။ ဘာကြောင့်ပစ်သွားတယ်ဆိုတာ မသိရသေးဘူး။ ကလေးကတော့ ကျည်ထိပြီး ဆုံးသွားတယ်။ အဖေက လက်မောင်း ကျည်ထိတယ်။ အမေက ခြေထောက်မှန်တယ် " ဟု မြင်းခြံဒေသခံတစ်ဦးက ပြောသည်။

မည်သူတို့က လာရောက်ပစ်ခတ်သည်ကို မသိရသေးဘဲ ထိခိုက်ဒဏ်ရာရသူများကို ဆေးရုံသို့ ပို့ဆောင်ကုသထားကြောင်း ၎င်းက ဆက်ပြောသည်။

ပြီးခဲ့သည် လပိုင်းကလည်း မြင်းခြံမြို့ရှိ ထမင်းဆိုင်ပိုင်ရှင် လင်မယား နှစ်ယောက် သေနတ်နှင့် ပစ်ခံရပြီး သေဆုံးခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly