သီရိလင်္ကာသည် ကမ္ဘာတွင် လူပျောက်ဆုံးသွားသည့် အရေအတွက် ဒုတိယအများဆုံးဖြစ်

သီရိလင်္ကာသည် ကမ္ဘာတွင် လူပျောက်ဆုံးသွားသည့် အရေအတွက် ဒုတိယအများဆုံးဖြစ်

သီရိလင်္ကာနိုင်ငံသည် ကမ္ဘာတွင် လူများပျောက်ဆုံးသွားသည့် အရေအတွက် ဒုတိယအများဆုံးရှိသည့် နိုင်ငံဖြစ်ပြီး ၁၀ စုနှစ်များအတွင်း ထောင်နှင့်ချီသည့်လူများ ခြေရာခံမတွေ့အောင်ပင် ပျောက်ကွယ်သွားခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဆိုသည်။

သီရိလင်္ကာရှေ့နေချုပ်ရုံးက သြဂုတ်လ ၄ရက်တွင် ၂၀ဝ၈ ခုနှစ်နှင့် ၂၀ဝ၉ ခုနှစ်တွင် တမီးလ်လူငယ် ၁၁ ဦး အားပြန်ပေးဆွဲမှုတွင် စွပ်စွဲချက်များနှင့် ပတ်သက်၍ ရေတပ်တပ်မှူးဟောင်း ဝါဆန်တာ ကာရမ်နာဂိုဒါအား ဆက်လက်တရားစွဲဆိုမှု မလုပ်ဆောင်ရန်ဆုံးဖြတ်ခဲ့ပြီးနောက် ကမ္ဘာ့လုံးဆိုင်ရာလူ့အခွင့်အရေးအဖွဲ့ကြီးက ယင်းလေ့လာစုံစမ်းမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။

တမီးလ်လူငယ် ၁၁ ဦး အားပြန်ပေးဆွဲမှုတွင် သီရိလင်္ကာရေတပ်က နောက်ကွယ်မှ ပါဝင်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။

“သီရိလင်္ကာနိုင်ငံက ကမ္ဘာမှာ လူများ ခြေရာခံမရအောင်ပင် ပျောက်ဆုံးသွားတဲ့ အရေအတွက် ဒုတိယအများဆုံးရှိတဲ့ နိုင်ငံဖြစ်ပြီး ၁၀ စုနှစ်တွေအတွင်းမှာ ထောင်နှင့်ချီတဲ့ လူတွေ အစအနရှာမရအောင် ကွယ်ပျောက်သွားခဲ့ပါတယ်” ဟု အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ အာရှ-ပစိဖိတ်ဆိုင်ရာ ဒါရိုက်တာ ယာမီနီမစ်ရှာက ပြောကြားသည်။

"ဒီအမှုက သီရိလင်္ကာအာဏာပိုင်တွေအတွက် နိုင်ငံတကာဥပဒေတွေအရ ကူညီပေးတာ၊ အားပေးတာ၊ အမိန့်အရ ဆောင်ရွက်ခြင်းအပါအဝင် ရာဇဝတ်မှုကျူးလွန်တယ်လို့ သံသယရှိသူတွေကို တာဝန်ယူစေခြင်း အားဖြင့် ရာဇဝတ်မှုတွေအတွက် တရားမျှ တမှုကို ဖော်ထုတ်နိုင်မယ့် အခွင့်အလမ်းတစ်ခုဖြစ်ပါတယ်" ဟု သူမက ဆိုသည်။

"ဒီအမှုက သီရိလင်္ကာ တရားရုံးတွေမှာ အတားအဆီးတွေ ရှိနေပြီးသားပါ။ ပျောက်သွားတဲ့သူတွေရဲ့ မိသားစုဝင်တွေအတွက် ဒီနေ့ဆုံးဖြတ်ချက်က တရားမျှတမှုကို ပိုပြီးလက်လှမ်းမမှီတော့ဘူး။ ရှေ့နေချုပ်ရုံးက ဆုံးဖြတ်ချက်အတွက် အကြောင်းအရင်းကိုရှင်းပြရမယ်၊ သီရိလင်္ကာအာဏာပိုင်တွေက အမှန်တရား ဖော်ထုတ်ရမယ်၊ တရားမျှတမှုကို ပေးရမယ်၊ ဖိအားပေးပျောက်ဆုံးသွားသူတွေအတွက် လျော်ကြေးပေးရပါမယ်” ဟု သူမက ဆိုသည်။

"Navy 11" အမှုဆိုသည်မှာ သီရိလင်္ကာရေတပ်မှ ဦးဆောင်ပြန်ပေးဆွဲခဲ့သည်ဟု စွပ်စွဲခံရသော ၂၀ဝ၈ ခုနှစ်နှင့် ၂၀ဝ၉ ခုနှစ်တွင် တမီးလ်လူငယ် ၁၁ ဦး အစအနရှာမရအောင် ပျောက်ကွယ်သွားသည့် ပျောက်ဆုံးမှုကို ရည်ညွှန်းဖော်ပြခြင်းဖြစ်သည်။

လူ့အခွင့်အရေးအဖွဲ့၏အဆိုအရ ၂၀၁၈ ခုနှစ်၊ သြဂုတ်လတွင် ရဲများ၏ မှုခင်းစုံစမ်းစစ်ဆေးရေးဌာန (CID) သည် အဓိကသံသယရှိသူ“ Navy Sampath” ဟု အမည်ခံထားသော ဒုတိယ တပ်မှူး ချန်ဒါနာ ဟက်တီရာချီချီကို ဖမ်းဆီးခဲ့သည်။

ထိုအချိန်က ရေတပ် စစ်ဦးစီး အရာရှိချုပ် ဗိုလ်ချုပ်ကြီး ရာဗင်ဒရာ ဝီဂျီဂူနီရတ်နယ်က အဓိကသံသယရှိသူများအား အကာအကွယ်ပေးခဲ့သည်ဟု CIDက စွပ်စွဲခဲ့ပြီးနောက် တရားရုံးက ဖမ်းဆီးရန် အမိန့်ပေးခဲ့သည်ဟု အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly