ဘင်္ဂလားဒေ့ရှ်မှာ ရိုဟင်ဂျာဒုက္ခသည်တွေကို ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံပေး 

ဘင်္ဂလားဒေ့ရှ်မှာ ရိုဟင်ဂျာဒုက္ခသည်တွေကို ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံပေး 
Photo - AFP

ဩဂုတ် ၁၁

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု စံချိန်တင်မြင့်တက်တာကို တိုက်ဖျက်နေရချိန် ဆင်းရဲတဲ့ အရှေ့တောင်အာရှနိုင်ငံအနေနဲ့ လူပြည့်သိပ်တဲ့ စခန်းတွေမှာ နေထိုင်နေကြရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို အင်္ဂါနေ့က စတင်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနေပြီဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ 

ရိုဟင်ဂျာ ရှစ်သိန်းနီးပါး နေထိုင်နေတဲ့ အဲဒီ ဒုက္ခသည်စခန်းတွေမှာ ကိုဗစ်-၁၉ ဖြစ်ပွားသူ ၂၆၀၀ ရှိပြီး သေဆုံးသူ ၂၉ ဦး ရှိတယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပေမယ့် ဒါဟာ လျှော့တွက်ခန့်မှန်းထားတာ ဖြစ်လိမ့်မယ်လို့ ပညာရှင်တွေက ဆိုကြပါတယ်။ 

ကနဦး ဆေးထိုးနှံရေး ပထမအသုတ်အဖြစ် သုံးရက်အတွင်းမှာ အသက် ၅၅ နှစ်အထက် ဒုက္ခသည် ၄၈၀၀၀ ကို တရုတ်ထုတ် Sinopharm ကာကွယ်ဆေး ထိုးနှံပေးသွားမှာဖြစ်တယ်ဆိုပြီး ဌာနေကျန်းမာရေးအကြီးအကဲ မတ်ဘူဘာရတ်ရှ်မန်းက အေအက်ဖ်ပီကို ပြောပါတယ်။ 

ကာကွယ်ဆေး ထိုးနှံခံဖို့ အရေးကြီးကြောင်းကို ဒုက္ခသည်တွေ သိရှိနားလည်အောင် စေတနာ့ဝန်ထမ်းတွေနဲ့အတူ တစ်အိမ်တက်ဆင်း လိုက်လံအသိပညာပေးတဲ့ ‘အကြီးစား ကာကွယ်ဆေး ထိုးနှံရေး သိနားလည်မှု ဆောင်ရွက်ချက်’ကို စီစဉ်ဆောင်ရွက်ထားရှိကြောင်း တာဝန်ရှိသူတွေက ဆိုပါတယ်။ 

ဘင်္ဂလားပင်လယ်အော်က ကျွန်းတစ်ကျွန်းဆီ အငြင်းပွားဖွယ် ရွှေ့ပြောင်းခံရတဲ့ ရိုဟင်ဂျာ ၁၈၀၀၀ အတွက်လည်း အခု သီတင်းပတ်မှာ ကာကွယ်ဆေး ထိုးနှံပေးရေး လုပ်ငန်းစဉ်ကို စီစဉ်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းကို ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်များဆိုင်ရာ လက်ထောက်ကော်မရှင်နာမင်းကြီး ရှမ်းအူဒူးဇာက ပြောပါတယ်။ 

မကြာသေးတဲ့ လတွေမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ကိုဗစ် ကူးစက်ဖြစ်ပွားမှု ထိုးတက်မြင့်မားတာကို ရင်ဆိုင်ရပြီး လူဦးရေ ၁၆၉ သန်းရှိတဲ့ နိုင်ငံရဲ့ နေရာအများအပြားကို လော့ဒေါင်းချခဲ့ရာမှာ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေလည်း အပါအဝင် ဖြစ်ပါတယ်။ 

ကိုရိုနာဗိုင်းရပ်စ်ကြောင့် နိုင်ငံတွင်းမှာ သေဆုံးသူ ၂၃၀၀၀ နီးပါး ရှိနေပြီး လူ ၁ ဒသမ ၄ သန်းနီးပါး ကူးစက်ခံထားရပါတယ်။ ကူးစက်သေဆုံးမှု အများစုက မကြာသေးတဲ့ လတွေကမှ ဖြစ်ပွားခဲ့တာပါ။ ကူးစက်မှုသစ်တွေရဲ့ ၉၈ ရာခိုင်နှုန်းနီးပါးဟာ အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာ ပထမဆုံး တွေ့ရှိတဲ့ ကူးစက်မှု ပိုမြန်တဲ့ Delta ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲကြောင့်ပါပဲ။ 

“အရွယ်စုံ အုပ်စုအားလုံး ကာကွယ်ဆေး ထိုးနှံနိုင်မှပဲ စခန်းတွေထဲက ရိုဟင်ဂျာ လူဦးရေကြား နောက်ထပ် ကူးစက်ပြန့်ပွားမှုတွေကို ရပ်တန့်နိုင်မယ့် တစ်ခုတည်းသော ထိရောက်တဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်”လို့ ဘင်္ဂလားဒေ့ရှ်ရှိ ဆေးဝါးချို့တဲ့သူကူညီပေးရေး MSF အသင်းရဲ့ အကြီးအကဲ ရိုမိန်းဘရေးက ပြောပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly