နာဂဒေသ ပြည်သူ့လွတ်မြောက်ရေးတပ် ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ ဆက်သွယ်မေးချက်

နာဂဒေသ ပြည်သူ့လွတ်မြောက်ရေးတပ် ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ ဆက်သွယ်မေးချက်
Photo - EPA

ဩဂုတ် ၁၁

နာဂလူမျိုး အများစုပါဝင်သည့် ပြည်သူ့လွတ်မြောက်ရေးတပ်ကို သြဂုတ် ၄ရက်တွင်  လျှို့ဝှက်အဖွဲ့အစည်းအဖြစ် စတင်ဖွဲ့စည်းခဲ့သည်။ 

အဖွဲ့ဝင်များသည် ပြည်သူ့လွတ်မြောက်ရေးတပ်မဖွဲ့ခင်ကပင် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြသူများဖြစ်သည်။

အဖွဲ့နှင့် ပတ်သက်သည့် အကြောင်းအရာတစ်ချို့ကို အဆိုပါအဖွဲ့၏ တာဝန်ရှိသူတစ်ဦး‌ထံဆက်သွယ်မေးမြန်းထားပါသည်။

အမေး ။ ။ ပထမဆုံး ဒီလိုဖွဲ့စည်းဖို့ ဘယ်လိုစိတ်ကူးရခဲ့တာလဲ။

အဖြေ ။ ။ နာဂရဲ့နိုင်ငံရေး ခံယူချက်က သီးသန့်လွတ်လပ်ရေးဆိုတဲ့အပေါ်မှာ ရပ်တည်နေလို့ နာဂတပ်မတော်အနေနဲ့ စစ်ကောင်စီကို ဝင်တိုက်တာတွေ မရှိဘူး။ ဒါပေမဲ့ ဒီလိုချည်းနေနေလို့တော့ မဖြစ်သေးဘူးလေ။ ကျွန်တော်တို့ကလည်း မြန်မာပြည်ထဲမှာနေထိုင်တဲ့ သူတွေပဲ ။ လူမဆန်တဲ့ လက်နက်အားကိုးနဲ့ ဗိုလ်ကျပြီး တရားဥပဒေစိုးမိုးမှု မရှိတဲ့ သူတို့ရဲ့လုပ်ရပ်တွေကို လက်ခံသလိုဖြစ်သွားမှာစိုးလို့ ကျွန်တော်တို့ကိုယ်တိုင် ဝင်တိုက်ဖို့ ပါဝင်ဖို့ အကောင်အထည်ဖော်ဖြစ်တာပါ။

အမေး ။ ။ အခုအဖွဲ့ထဲမှာကော ပါဝင်တာက နာဂ လူမျိုးတွေချည်းပဲလား။

အဖြေ ။ ။ အခုကစဖွဲ့တာကတော့ ကျွန်တော်တို့နာဂလူမျိုးတွေနဲ့ အဓိက စဖွဲ့ထားပါတယ်။ ဒါပေမယ့် တခြားလူမျိုးတွေလည်း ပါဝင်လို့ရအောင် နာဂဆိုတဲ့ခေါင်းစဥ်ကိုဖြုတ်လိုက်ပြီး ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ဆိုပြီး ဖွဲ့ထားပါတယ်။ ကျွန်တော်အဖွဲ့မှာ ကျောင်းဆရာတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ တချို့ကတော့ လူမှုရေးအဖွဲ့အစည်းမှာ ပါဝင်ဖူးသူတွေရှိပါတယ်။ ပြီးတော့ တမူး ဒေသခံ‌၊ဟုမ္မလင်းဒေသခံ၊ လေရှီးဒေသခံတွေနဲ့ သာမန်ပြည်သူတွေအများကြီး ပါပါတယ်။

အမေး ။ ။ လက်နက်နဲ့ပတ်သက်တဲ့ အခြေအနေကို ပြောပြပေးပါ။

အဖြေ ။ ။ လက်နက်ပိုင်းဆိုင်ရာမှာက ကျွန်တော်တို့မှာ အားသာချက်ရှိတယ်။ နိုင်ငံတစ်နိုင်ငံကနေ ကျွန်တော်တို့ကို ကောင်းကောင်းထောက်ပံ့ပေးမယ့် သဘောတူညီချက် ရှိတယ်။ ကျွန်တော်တို့ သင်တန်းဆင်းပြီးပြီးချင်းသေနတ်ထုတ်ပေးတယ်။ ကျည် ၂၀၀ ထုတ်ပေးတယ်။လက်ပစ်ဗုံး နှစ်လုံးစီပေးတယ်။ မိုင်းမှာ အမျိုးအစားတွေ ၅မျိုး လောက်ရှိတယ်။ အဲဒီအမျိုးအစားတွေကို  တစ်ခါထဲနဲ့ ရဲဘော်တစ်ယောက်ကို လက်နက်အပြည့်ထုတ်ပေးတယ်။

အမေး ။ ။ တခြားအဖွဲ့ဝင်တွေနဲ့ကော အတူတကွ ပူးပေါင်းဆောင်ရွက်ဖြစ်လား။

အဖြေ ။ ။ ကျွန်တော်တို့တွေက PDF တွေနဲ့လည်း မဟာမိတ်တွေ လုပ်ထားတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ လည်း နားလည်မှုယူထားတယ်။အတူတကွ ဝင်ရောက်ပူးပေါင်းပစ်ခတ်တာတွေလည်းရှိတယ်။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ သတင်းတွေ ဖလှယ်ကြတယ်။ 

အမေး ။ ။ လက်ရှိကြုံနေရတဲ့ အခက်အခဲတွေကော ပြောပြပေးပါဦး။

အဖြေ ။ ။ ကျွန်တော်တို့ရဲ့ မဟာမိတ်တွေဖြစ်တဲ့ ဒေသခံPDF အချို့က NUG အစိုးရရဲ့ လက်လှမ်းမမှီနိုင်သေးတဲ့ အပိုင်းတွေရှိတာမို့ သူတို့မှာ အနည်းနဲ့အများတော့ အခက်အခဲတွေရှိတယ်။ ကျွန်တော်တို့ကို ထောက်ပံ့ပေးဖို့ သဘောတူညီချက်ယူထားတဲ့နိုင်ငံကရှိပေမယ့် ကျွန်တော်တို့လည်း အခုမှစဖွဲ့ ကာစဆိုတော့ အစစအရာရာ ချောချောမွှေ့မွှေ့တော့ မရှိသေးဘူးပေါ့နော်။

အမေး ။ ။ မေးတဲ့ မေးခွန်းတွေထဲမှာဆရာတို့အနေနဲ့ ဖြည့်စွက်ပြောပြချင်တာရှိရင် ပြောပြပါဦး။

အဖြေ ။ ။ ကျွန်တော်တို့က အခုလောလောဆယ် အင်အားစုဆောင်းတဲ့ကာလဆိုတော့ ကြီးမားတဲ့တိုက်ပွဲတွေ တော့ မဖော်ဆောင်သေးဘူး။ ဒါပေမဲ့လိုအပ်ရင်တော့ တစ်ယောက်စ နှစ်ယောက်စ ဖြိုတဲ့ အစီအစဥ်တွေတော့ ရှိပါတယ်။ ကျွန်တော်တို့ရဲ့ နောက်ထပ်လုပ်ဆောင်မှာတစ်ခုကတော့ လူသားချင်းမစာနာပဲ ကိုယ့်အတွက်ပဲကြည့်ပြီး လူပါးဝနေတဲ့ စီးပွားရေးသမားတွေကို ကျွန်တော်တို့နိုင်သလောက် ကျွန်တော်တို့ရဲ့ ဧရိယာမှာ တစ်နည်းမဟုတ်တစ်နည်းနဲ့ ဖိအားပေးပြီး တားဆီးဖို့အတွက် ဆုံးဖြတ်ထားတယ် ။ 

အမေး ။ ။ ဒါနဲ့ အခုက လျှို့ဝှက်အဖွဲ့အစည်းဆိုတော့ တရားဝင်အဖြစ်က ဘယ်တော့လောက် လုပ်ဆောင်သွားမှာလဲ။

အဖြေ ။ ။ ကျွန်တော်တို့က တရားဝင်အဖွဲ့အစည်းအဖြစ် ဒီနှစ်ကုန်ပိုင်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ကြေညာမှာပါ။ 

ဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်ရှင်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly