အာဖဂန်နစ္စတန်တွင် အရပ်သားများ အသတ်ခံရမှုအပေါ် စိုးရိမ်ပူပန်ကြောင်း အမေရိကန် ထုတ်‌ဖော်ပြောဆို

10 August 2021
အာဖဂန်နစ္စတန်တွင် အရပ်သားများ အသတ်ခံရမှုအပေါ် စိုးရိမ်ပူပန်ကြောင်း အမေရိကန် ထုတ်‌ဖော်ပြောဆို

စစ်ဘေးဒဏ် ခံထားရသည့် အာဖဂန်နစ္စတန်နိုင်ငံတွင် မကြာသေးခင်ကာလအတွင်း တာလီဘန်အဖွဲ့က အရပ်သားများကို သတ်ဖြတ်မှုများနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မိကြောင်း အမေရိကန်က ထုတ်ဖော်ပြောဆိုခဲ့သည်။

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ယန် ဆာကီက သြဂုတ် ၆ ရက် သတင်းမီဒီယာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့ရာတွင် အမေရိကန်အနေဖြင့် အခြေအနေကို “အနီးကပ် စောင့်ကြည့်နေ” ကြောင်းနှင့် အာဖဂန်နစ္စတန်တွင် အရပ်သားများကို လက်တုံ့ပြန် သတ်ဖြတ်မှုများနှင့်ပတ်သက်ပြီး “စိုးရိမ်ပူပန်” ကြောင်း ပြောခဲ့သည်။

“အကယ်၍များ တာလီဘန်တို့အနေနဲ့ နိုင်ငံတကာ အသိအမှတ်ပြု တရား၀င်ဖြစ်မှုကို လိုချင်တယ်လို့ တောင်းဆိုတယ်ဆိုရင် ဒီလိုမျိုး လုပ်ရပ်မျိုးတွေက သူတို့ တောင်းဆိုတဲ့ တရား၀င်ဖြစ်မှုကို ရစေဖို့အတွက် ဘာမှ အထောက်အပံ့ဖြစ်စေမှာ မဟုတ်ပါဘူး၊ သူတို့အနေနဲ့ ဒီလမ်းကြောင်းအတိုင်း ဆက်သွားလို့ မရပါဘူး၊ သူတို့ စစ်ရေးကမ်ပိန်းမှာ မြှုပ်နှံလုပ်ဆောင်နေတဲ့ တူညီတဲ့ စွမ်းအားမျိုးကို ငြိမ်းချမ်းရေးလုပ်ငန်းစဥ်အတွက် ထည့်၀င်မြှုပ်နှံသွားဖို့ ရွေးချယ်သွားရင် ရနိုင်ပါတယ်” ဟု ဆာကီက ပြောခဲ့ကြောင်း အာဖဂန်နစ္စတန်၏ TOLO News က ကိုးကားဖော်ပြသည်။

မကြာသေးခင်က တာလီဘန်တို့သည် အာဖဂန်အစိုးရ၏ မီဒီယာ အကြီးအကဲ ဒါဝါ ခန် မန်နာပယ်၊ လူသိများသည့် ကဗျာဆရာ အဗ္ဘဒူလာ အီဖီ နှင့် နိုင်ငံတွင် ကျော်ကြားသည့် ဟာသတင်ဆက်သူ နာဇာ မိုဟာမက်တို့ အပါအ၀င် အာဖဂန်နစ္စတန်တွင် အဓိက လူသိများသည့် ပုဂ္ဂိုလ်များကို သတ်ဖြတ်ထားခဲ့သည်။

ထို့ပြင် တာလီဘန်တို့သည် အဓိက ဧရိယာများကို ထိန်းချုပ်ပြီးနောက်ပိုင်း အပြစ်မဲ့ အရပ်သားများထံကနေ ငွေ၊ ပစ္စည်းများကို တိုက်ခိုက်လုယူနေသည် ဆိုသည့် သတင်းများလည်း ထွက်ပေါ်ထားခဲ့သည်။

သြဂုတ် ၆ ရက်က အဆိုပါ သောင်းကျန်းသူအဖွဲ့သည် နင်မ်ရော့ဇ် ပြည်နယ်၏ မြို့တော် ဇာရန်(ဂျ်) ကို သိမ်းယူခဲ့သည်။

အာဖဂန်နစ္စတန်ကနေ နိုင်ငံခြားတပ်ဖွဲ့များ စတင် တပ်ရုပ်နေခဲ့ပြီးနောက်ပိုင်း တာလီဘန်တို့သည် အဓိက ဧရိယာနယ်ပယ်များကို ထိန်းချုပ်နိုင်ရေး ကြိုးပမ်းသည့်အနေဖြင့် အာဖဂန် အစိုးရတပ်များနှင့်အကြား အကြီးအကျယ် တိုက်ခိုက်မှုများ လုပ်ဆောင်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly