ဆိုးလ်၊ ဇွန် ၂၂ ။ ။ ဇွန် ၂၂ က တောင်ကိုရီးယားတွင် မားစ်ကူးစက်ခံရမှုကြောင့် နှစ်ဦးထပ်မံသေဆုံးပြီး သုံးဦး ကူးစက်ခံရရာ မားစ်ကြောင့် သေဆုံးသူဦးရေ၂၇ ဦးအထိရှိသွားပြီဖြစ်ရာ ဆော်ဒီအာရေးဘီးယားပြင်ပတွင် မားစ်ဖြစ်ပွားမှုှု အကြီးမားဆုံးဖြစ် သည်။
ဇွန် ၂၁ညမှ ဇွန် ၂၂ နံနက်ပိုင်းအတွင်း မားစ်ကြောင့် သေဆုံးခဲ့သူအမျိုးသားနှစ်ဦးမှာ အသက် ၈၄နှစ်နှင့် ၈၇နှစ်ရှိအမျိုးသား များဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဋ္ဌာနက ထုတ်ပြန်ခဲ့သည်။ ထို့အပြင် ၎င်းတို့နှစ်ယောက်လုံးမှာ ကင်ဆာရောဂါများလည်း ရှိနေခဲ့သည်ဟု သိရသည်။ ၎င်းတို့သည် မားစ်ဗိုင်းရပ်ကို ဆိုးလ်ရှိ Samsung Medical Centre ဆေးရုံနှင့် အနောက်ပိုင်းရှိ ဒဲဂျီအွန်မြို့ရှိ ဒယ်ချီအွန် ဆေးရုံတို့မှ ကူးစက်ခံရခြင်းဖြစ်ပြီး ဇွန်၉နှင့် ၁၂ ရက်တို့က ကူးစက်ခံရခြင်းဖြစ်ကြောင်းသိရှိခဲ့သည်။ လူသုံးဦးမှာလည်း အသစ်ကူးစက်ခံခဲ့ရရာ ကူးစက်ခံရသူ စုစုပေါင်းအရေအတွက်မှာ ၁၇၂ ဦးရှိသွားပြီဖြစ်သည်။
အသစ်ကူးစက်ခံရသူ သုံးဦးမှာ ဆမ်ဆောင်းဆေးရုံမှ တစ်ဦး၊ ဆိုးလ်ရှိ ကွန်ကပ်တက္ကသိုလ်ဆေးရုံမှ တစ်ဦးနှင့်ဒယ်ချီအွန်ဆေးရုံမှ ကျန်းမာရေးစောင့်ရှောက်သူတစ်ဦးတို့ဖြစ်သည်။ ဆမ်ဆောင်းဆေးရုံကြီးမှ လူနာ၊မိသားစုနှင့် ဆေးရုံလုပ်သား စုစုပေါင်း ၈၀ကျော် ကူးစက်ခံခဲ့ရသဖြင့် ဆေးရုံ၏ ဝန်ဆောင်မှုအများစုကို ဇွန်လ ၁၄ ရက်မှစ၍ ရပ်ဆိုင်းထားသည်။
လူနာ ၁၄ ဦး၏ အခြေအနေမှာ စိုးရိမ်ရကြောင်း ကျန်းမာရေးဝန်ကြီးဋ္ဌာနက ထုတ်ပြန်ထားသည်။ ထို့အပြင် ဇွန် ၂၀နှင့် ၂၁ က ခုနှစ်ဦးအပါအဝင် ယနေ့အထိ ဆေးရုံမှ ဆင်းသူ ၅၀ ရှိပြီဟုလည်း ပြောကြားခဲ့သည်။