ပွင့်ဖြူတွင် စစ်ကောင်စီထောက်တိုင်နေရာများ၌ ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်နေ

By The Nation Voice
09 August 2021
ပွင့်ဖြူတွင် စစ်ကောင်စီထောက်တိုင်နေရာများ၌ ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်နေ

သြဂုတ် ၉ ရက်

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင် စစ်ကောင်စီထောက်တိုင်နေရာများ၌ ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။

သြဂုတ်လ (၈)ရက် ညနေပိုင်း၌ ပွင့်ဖြူနယ်မြေ ရဲစခန်းဝင်းအတွင်းရှိ ယာဉ်ထိန်းရုံး၌ ရှော့ခ်တိုက်ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း ပွင့်ဖြူမြို့နယ် အနောက်လေးအိမ်ကျေးရွာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်၏ နေအိမ်ခြံဝင်းအတွင်း ဗုံးပေါက်ကွဲခဲ့မှုကြောင့် စစ်ကောင်စီအဖွဲ့ဝင်များ ရောက်ရှိလာကာ အနီးဝန်းကျင်သို့ သေနတ်ပစ်ဖောက် ခြောက်လှန့်ခဲ့ကြောင်း ဒေသခံတို့က ဆိုကြသည်။

ယင်းအပြင် ကျောင်းကုန်းကြီးကျေးရွာမှ သတင်းပေးဒလန်ဟု နာမည်ကြီးသည့် ဦးဝင်းငွေ၏ ဖြိုးကမ္ဘာဟိန်း စက်သုံးဆီဆိုင်အတွင်း၌လည်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သေးကြောင်း ပွင့်ဖြူဒေသခံတို့ထံမှ သိရသည်။ အဆိုပါဆီဆိုင်သည် ဇွန်လအတွင်းကလည်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သေးသည်။

အဆိုပါ ပေါက်ကွဲမှုများကို မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်ကြောင်း မသိရသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly