ဘာစီလိုနာကနေ ထွက်သွားပြီလို့ မျက်ရည်တွေနဲ့ နှုတ်ဆက်သွားတဲ့ မက်ဆီ

ဘာစီလိုနာကနေ ထွက်သွားပြီလို့ မျက်ရည်တွေနဲ့ နှုတ်ဆက်သွားတဲ့ မက်ဆီ
Photos: EPA

လီယွန်နယ် မက်ဆီဟာ တနင်္ဂနွေနေ့က သတင်းစာရှင်းလင်းပွဲစတင်ချိန်မှာတော့ သူ့ကစားသမားဘဝတစ်လျှောက်လုံး ကစားခဲ့တဲ့ ဘာစီလိုနာအသင်းကနေ ထွက်ခွာသွားနေပြီဖြစ်တယ်လို့ မျက်ရည်တွေနဲ့ အတည်ပြုပြောသွားခဲ့ပါတယ်။

ဘလွန်းဒီအောဆု ၆ ကြိမ်ရ အသက် ၃၄ နှစ်အရွယ် အာဂျင်တီးနားစူပါစတားဟာ ဇွန်လကုန် ကတည်းက စာချုပ်သက်တမ်းကုန်ဆုံးပြီး ဘာကာက သူတို့ဟာ သူ့ကို ဆက်ထိန်းထားဖို့ မတတ်နိုင်ဘူးလို့ ပြောပါတယ်။ မက်ဆီဟာ ပီအက်စ်ဂျီအသင်းသို့ ပြောင်းရွှေ့နိုင်တယ်လို့လည်း သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်နေပါတယ်။

"ဒီနှစ်မှာ ကျနော်နဲ့ ကျနော့်မိသားစုတစ်ခုလုံးက ဒီနေရာ၊ ဒီအိမ်မှာပဲ ဆက်နေသွားမယ်လို့ ယုံကြည်ခဲ့တာပါ။ ဒါက ကျနော်တို့ လိုချင်တာထက်ကို ပိုပါတယ်။"လို့ မက်ဆီက သူ့ခံစားချက်တွေကို ထိန်းချုပ်ဖို့ ရုန်းကန်ရင် ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က ဘာစီလိုနာဟာ ဥရောပပြိုင်ပွဲမှာ ရလဒ်တွေ ညံ့ဖျင်းတာကြောင့် မက်ဆီဟာ သူ့ရဲ့ စာချုပ်ကို ဖျက်သိမ်းဖို့အထိ ကြိုးပမ်းခဲ့ပြီး အခုချိန်မှာတော့ ချန်ပီယံလိဂ်ဖလား ၄ ကြိမ်ရခဲ့တဲ့ ဒီနေရာကနေ လမ်းခွဲရပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက ကြီးမားတဲ့ အကြွေးတွေနဲ့ ရင်ဆိုင်နေရတဲ့ ဘာစီလိုနာအသင်းက သူတို့ဟာ မက်ဆီနဲ့ ၅ နှစ်စာချုပ်သစ်အတွက် အခြေခံအချက်အလက်အရ သဘောတူညီမှုရရှိခဲ့ပြီး သူဟာ လစာတစ်ဝက်လျော့ယူမယ်လို့လည်း ပြောပါတယ်။

"အမှန်ဆိုရင် ကျနော် ဘယ်လိုပြောရမှန်း မသိတော့ပါဘူး။"လို့ အသက် ၁၃ နှစ်အရွယ်ကတည်းက ကာတာလန်အသင်းအတွက် စာချုပ်ခဲ့တဲ့ မက်ဆီက ပြောပါတယ်။

"၂၁ နှစ်အကြာမှာတော့ ကျနော်နဲ့ မိန်းမ၊ ကျနော့်ကလေး ၃ ယောက်လုံး သွားရပါတော့မယ်။"လို့ ကလပ်အသင်းနဲ့ လိဂ်ဖလား ၁၀ လုံးဆွတ်ခူးခဲ့တဲ့ မက်ဆီက ပြောပါတယ်။

"ကျနော် ဒီကို ရောက်ခဲ့တဲ့ ပထမနေ့က စပြီး ဒီကလပ်အတွက် အရာအားလုံး ပေးဆပ်ခဲ့ပါတယ်။ အခုလို နှုတ်ဆက်စကားပြောရမယ်လို့ ကျနော် စိတ်ကူးထဲတောင် ဘယ်တုန်းကမှ မတွေ့ခဲ့ဘူး။"

"'ဒီရက်ပိုင်းတွေမှာ ကျနော် ဘာပြောရမလဲဆိုတာ အများကြီး တွေးတောခဲ့သလို အမှန်အတိုင်း ပြောရရင် ကျနော် ဘာမှ စဉ်းစားလို့ မရနိုင်ဘူး။"

"ကျနော့် ဘဝတစ်လျှောက်လုံး ဒီနေရာမှာ နှစ်ပေါင်းများစွာ နေခဲ့ပြီးနောက်မှာတော့ ဒါက ကျနော်အတွက် တကယ်ကို ခက်ခဲပါတယ်။ အခုလို ထွက်သွားဖို့ အဆင်သင့်မဖြစ်သေးပါဘူး။"လို့ သူက ပြောသွားခဲ့ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly