ဦးကျော်မိုးထွန်းကို လုပ်ကြံရန် ကြံစည်မှု အမေရိကန် ပြစ်တင်ရှုတ်ချ

ဦးကျော်မိုးထွန်းကို လုပ်ကြံရန် ကြံစည်မှု အမေရိကန် ပြစ်တင်ရှုတ်ချ

ဩဂုတ် ၈

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို တိုက်ခိုက်ရန် ကြံစည်မှုအပေါ် အမေရိကန်နိုင်ငံက သြဂုတ် ၇ ရက်တွင် ပြစ်တင်ရှုတ်ချခဲ့ပြီး ယင်းသည် အာဏာရှင်ခေါင်းဆောင်များနှင့် ၎င်းတို့အပေါ် ထောက်ခံသူများက ကမ္ဘာတဝန်းရှိ အတိုက်အခံများကို လိုက်လံနှောင့်ယှက်နှိပ်ကွပ်ရန် ကြိုးပမ်းသော “စိုးရိမ်စရာ ပုံစံ” တစ်ခုနှင့် ကိုက်ညီနေသည်ဟု အမေရိကန်က ပြောခဲ့သည်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံရန် သို့မဟုတ် ထိခိုက်အနာတရဖြစ်စေရန် ကြံစည်မှုအတွက် နယူးယော့ခ်ပြည်နယ်တွင် မြန်မာနိုင်ငံသားနှစ်ဦးအား ဖမ်းဆီး အမှုဖွင့်ထားကြောင်း အမေရိကန် အာဏာပိုင်များက သြဂုတ် ၆ ရက်တွင် ပြောသည်။ အဆိုပါ မြန်မာနိုင်ငံသားနှစ်ဦးသည် အထက်ပါ ကြံစည်မှုတွင် မြန်မာအာဏာသိမ်းစစ်တပ်ကို လက်နက်များ ရောင်းချနေသည့် ထိုင်းနိုင်ငံရှိ လက်နက် ပွဲစားတစ်ဦးနှင့်အတူ ပူးပေါင်း လုပ်ဆောင်ခဲ့သည်ဟုလည်း သိရသည်။

ဖေဖေါ်ဝါရီလ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖြုတ်ချခံထားခဲ့ရသည့် မြန်မာ ရွေးကောက်ခံ အရပ်သား အစိုးရကို ကိုယ်စားပြုသည့် ဦးကျော်မိုးထွန်းက သြဂုတ် ၄ ရက်က ရိုက်တာကို ပြောကြားရာတွင် ၎င်းအပေါ် ခြိမ်းခြောက်မှုတစ်ခု ရှိခဲ့ကြောင်းနှင့် အမေရိကန်အာဏာပိုင်များက ၎င်း၏ လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်ပေးထားကြောင်း ပြောခဲ့သည်။

ထို ခြိမ်းခြောက်မှုမျိုးသည် အာဏာရှင်ခေါင်းဆောင်များနှင့် ကမ္ဘာတဝန်း ရောက်ရှိနေသည့်  ထောက်ခံသူများက ၎င်းတို့အ‌ပေါ် ဆန့်ကျင်ရပ်တည် ပြောဆိုနေသူများ၊ ဂျာနယ်လစ်များ၊ တက်ကြွလှုပ်ရှားသူများကို နှိပ်ကွပ်နှောင့်ယှက်ရန် ကြိုးပမ်းသည့် စိုးရိမ်စရာ ပုံစံတစ်ခုနှင့် ကိုက်ညီနေသည်ဟု ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါ သောမတ်စ် ဂရင်းဖီးဒ်က သြဂုတ် ၇ ရက်တွင် ပြောကြားသွားခဲ့သည်။

တိုကျိုအိုလံပစ်ပြိုင်ပွဲကနေ အိမ်ပြန်ရန် ငြင်းဆန်ခဲ့ပြီး ပိုလန်နိုင်ငံတွင် ခိုလှုံခွင့် တောင်းခဲ့သည့် ဘယ်လာရုစ် အားကစားသမား ဆီမာနူစကာယာ၏ ဖြစ်စဉ် နှင့် အီရန်အစိုးရကို ဝေဖန်သည့် နယူးယော့ခ် ဂျာနယ်လစ်၊ လူအခွင့်အရေး တက်ကြွလှုပ်ရှားသူတစ်ဦးကို ပြန်ပေးဆွဲရန် အီရန်နိုင်ငံသားတစ်ချို့၏ မအောင်မြင်ခဲ့သော ကြံစည်မှုတစ်ခုတို့ကို အမေရိကန်သံအမတ်ကြီးက ကိုးကားပြောဆိုသွားခဲ့သည်။

“ဒါတွေကတော့ သိပ်မကြာခင်ကမှ ဖြစ်ထားခဲ့တဲ့ နိုင်ငံဖြတ်ကျော် ဖိနှိပ်မှု တွေဖြစ်ပါတယ်၊ ဒါတွေနဲ့ပတ်သက်လို့ သက်ဆိုင်တဲ့ တာဝန်ရှိသူတွေအပေါ် ကမ္ဘာတဝန်းက ဝိုင်းဝန်းပြစ်တင်ရှုတ်ချရပါမယ်၊ ပြီးတော့ အပြည့်အဝနဲ့ သေချာပေါက် တာဝန်ယူမှု ၊ တာဝန်ခံမှု ရှိရပါလိမ့်မယ်” ဟု သောမတ်စ် ဂရင်းဖီးဒ်က ထုတ်ပြန်ပြောဆိုသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly