ကချင်ပြည်နယ် မြို့နယ် ၆ခုတွင် လော့ဒေါင်း ၂ပတ်ထပ်တိုး

ကချင်ပြည်နယ် မြို့နယ် ၆ခုတွင် လော့ဒေါင်း ၂ပတ်ထပ်တိုး

ဩဂုတ် ၇

Stay at Home သတ်မှတ်ထားသည့် ကချင်ပြည်နယ်အတွင်းရှိ မြို့နယ် ခြောက်ခုတွင် မြို့တွင်း လော့ဒေါင်းနှစ်ပတ်ထပ်မံတိုးသွားမည်ဖြစ်‌ကြောင်း ကချင်ပြည်နယ် COVID -19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီထံက သိရသည်။

မြစ်ကြီးနားမြို့အပါအဝင် ဝိုင်းမော်၊ မိုးညှင်း၊ ဖားကန့်၊ ဗန်းမော်နှင့် ရွှေကူမြို့နယ်အတွင်း ဩဂုတ် ၁၀ ရက် မှ ၂၄ ရက်အထိ မြို့တွင်း လော့ဒေါင်းတိုးမြင့်မှာဖြစ်သည်။ 

လော့ဒေါင်းတိုး၍ ပြည်သူများအနေဖြင့် လိုအပ်သည်များ ကြိုတင်ပြင်ထားကြရန် ဗန်းမော်မြို့နှင့် ရွှေကူမြို့ရပ်ကွက်များတွင် အသံချဲ့စက်ဖြင့် လိုက်လံဆော်ဩနေကြောင်း ဒေသခံများကပြောသည်။

‌လော့ဒေါင်းကာလအတွင်း နေအိမ်ပြင်ပသွားလာမှုများ ယခင်ကထက်ပိုမိုတင်းကြပ်ကာ လမ်းသွယ်၊လမ်းကြားနှင့် လမ်းမကြီးများတွင် အတားအဆီးများပြုလုပ်ပြီး ကြပ်မတ်‌ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်း ပြည်နယ် COVID - 19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ယခုတားမြစ်မှုအတွက် ချိုးဖောက်သူများရှိပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နှင့်အညီ အပြစ်ပေးအရေးယူသွားမည်ဖြစ်ကြောင်း အဆိုပါကော်မတီထံက သိရသည်။

ကချင်ပြည်နယ်တစ်ခုလုံး အနေဖြင့် မြို့နယ် ၁၈မြို့နယ်ရှိသည့်အနက် ခြောက်မြို့နယ်ကို Stay at Home မြို့နယ်အဖြစ် သတ်မှတ်ကြောင်း အာဏာသိမ်း စစ်ကောင်စီ၏ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly