အင်ဒို-ပစိဖိတ်ဒေသ၌ အင်အားပြနေသော တရုတ်အား ရင်ဆိုင်ရာတွင် QUAD အဖွဲ့က ၎င်းတို့ ရေတပ်များ၏ ပူးပေါင်းလုပ်ဆောင် နိုင်စွမ်းကို ပိုမိုခိုင်မာအားကောင်းစေရန် အိန္ဒိယ၊ အမေရိကန်၊ ဂျပန်နှင့် သြစတြေးလျပါဝင်မည့် Malabar စစ်ရေး လေ့ကျင့်မှုကို အနောက်ပစိဖိတ်ရှိ ဂူအမ်ကျွန်းကမ်းလွန်ပြင်၌ သြဂုတ်လကုန်တွင် အရှိန်မြင့်လုပ်ဆောင်ရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။
Malabar စစ်ရေးလေ့ကျင့်မှုတွင်ပါဝင်ရန် ၁၃ နှစ် ကင်းကွားပြီးနောက် ယမန်နှစ် နိုဝင်ဘာလက အာရေဗျပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်တွင် အမေရိကန်၊ ဂျပန်တို့နှင့်အတူ ဖိတ်ကြားခံခဲ့ရသည့် သြစတြေးလျက ၂၀၂၃ ခုနှစ်တွင် ပြုလုပ်မည့် ၂ နှစ်တစ်ကြိမ်ပြုလုပ်သည့် အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုဖြစ်သော Talisman Sabre စစ်ရေးလေ့ကျင့်မှုတွင်လည်း အိန္ဒိယပါဝင်ရန် အပြန်အလှန်အားဖြင့် လိုလားနေသည်။
ဇူလိုင်လ ၂၄ရက်က ပြုလုပ်ခဲ့သည့် Talisman Sabre စစ်ရေးလေ့ကျင့်မှုတွင် သြစတြေးလျ၊ အမေရိကန်၊ ဂျပန်၊ ဗြိတိန်၊ ကနေဒါ၊ တောင်ကိုရီးယားနှင့် နယူးဇီလန်နိုင်ငံတို့မှ လူပေါင်း ၁၇၀ဝဝ ကျော်၊ စစ်သင်္ဘော ၁၈ စင်း၊ လေယာဉ် အစင်း ၅၀ နှင့် ရဟတ်ယာဉ် အစင်း ၅၀ တို့ ပါဝင်ခဲ့သည်။
ဧပြီလက ဘင်္ဂလားပင်လယ်အော်တွင် QUAD အဖွဲ့နှင့် ပြင်သစ်တို့ပြုလုပ်ခဲ့သော La Pérouseစစ်ရေးလေ့ကျင့်မှု တွင်ပါဝင်ခဲ့သည့် အင်ဒို-ပစိဖိတ်ဒေသမှ သဘောထားချင်း တူညီသည့် နိုင်ငံများက ပြုလုပ်သော စစ်ရေးလေ့ကျင့်မှုများက ဒေသတွင်း၌ တရုတ်၏ နယ်ချဲ့လိုသော အပြုအမူကိုဆန့်ကျင်လျက် အင်ဒို-ပစိဖိတ်ဒေသတွင် လွတ်လပ်ပွင့်လင်းမှု၊ လုံခြုံမှုနှင့် တည်ငြိမ်မှု ကို ခိုင်မာစေပြီး မဟာဗျူဟာ မြောက်သဘောတူညီချက်ကို အားဖြည့်ပေးခဲ့ကြောင်း အိန္ဒိယအရာရှိများက ဆိုသည်။
ဇူလိုင်လနှောင်းပိုင်းက ဘင်္ဂလားပင်လယ်အော်တွင် အိန္ဒိယနှင့် စစ်ရေးလေ့ကျင့်မှုအပြီးတွင် တန်ချိန် ၆၅၀ဝဝ သယ်ဆောင်နိုင်သည့် HMS Queen Elizabeth လေယာဉ်တင်သင်္ဘောဦးဆောင်သော ဗြိတိန်၏ လေယာဉ်တင်သင်္ဘောတိုက်ခိုက်ရေးအုပ်စုသည် ပဉ္စမမျိုးဆက် F-35B "လျှပ်တပျက် ကိုယ်ပျောက်တိုက်လေယာဉ်များ" နှင့်အတူ ပြီးခဲ့သည့် သီတင်းပတ်က အငြင်းပွားနေသော တောင်တရုတ်ပင်လယ်တွင်းဝင်ရောက်လာခဲ့သည်။
တရုတ်က ယင်းပိုင်ဆိုင်ကြောင်း ပြောထားသည့် ကျွန်းများနှင့် သန္တာကျောက်တန်းများသို့ ကျူးကျော်လာပါက လေယာဉ်တင်သင်္ဘောကို မောင်းထုတ်မည်ဟု တရုတ်က ခြိမ်းခြောက်ခဲ့သည်။
အရှေ့မျှော်မူဝါဒကို ရည်မှန်းလျက် ယခုသီတင်းပတ်တွင်လည်း အိန္ဒိယက ရေတပ်အင်အားကို တပ်ဖြန့်ခဲ့ပြီး ပဲ့ထိန်း ဒုံးကျည်ဖျက်သင်္ဘော INS Ranvijay၊ ကိုယ်ပျောက် ဖရီးဂိတ် သင်္ဘော INS Shivalik၊ ရေငုပ်သင်္ဘော တိုက်ဖျက်ရေးသင်္ဘော INS Kadmattနှင့် ထိန်းကြောင်း ဒုံးကျည်ဖျက်သင်္ဘော INS Koraတို့ကို အရှေ့တောင် အာရှ၊ တောင်တရုတ်ပင်လယ်နှင့် အနောက်ပစိဖိတ်ဒေသတို့တွင် နှစ်လကျော်ကြာ စစ်ဆင်ရေးဖြန့်ကျက်ခဲ့သည်။