ဥ‌ရောပတောင်ပိုင်းမှာ တောမီးတွေ လောင်ကျွမ်းနေပြီး လူရာပေါင်းများစွာ ဘေးလွတ်ရာ ရွှေ့ပြောင်း 

ဥ‌ရောပတောင်ပိုင်းမှာ တောမီးတွေ လောင်ကျွမ်းနေပြီး လူရာပေါင်းများစွာ ဘေးလွတ်ရာ ရွှေ့ပြောင်း 
Photo - AFP

ဩဂုတ် ၂

တူရကီနိုင်ငံမှာ တောမီးတွေ ငါးရက်ဆက်တိုက် လောင်ကျွမ်းနေခဲ့ပြီးနောက် လူ ၈ ဦးအထိ သေဆုံးခဲ့ပြီ ဖြစ်ကာ ယခုအခါမှာ ယင်းနိုင်ငံတောင်ပိုင်းက ခရီးသွားတွေ အလာများတဲ့ နေရာဒေသတွေမှာရှိတဲ့ ကျေးရွာပေါင်း ဒါဇင်နဲ့ချီမှာ ဒေသခံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်ထားရပါတယ်။ အလားတူ အခြားနိုင်ငံတွေဖြစ်ကြတဲ့ ဂရိ၊ အီတလီ နဲ့ စပိန်တို့မှာလည်း တောမီးလောင်ကျွမ်းမှုတွေ ဖြစ်ပေါ်ထားခဲ့တယ်လို့ သိရပါတယ်။ 

အပူချိန် မြင့်တက်မှုနဲ့ လေပြင်းတိုက်ခတ်မှုတွေက တောမီးတွေကို ပိုပြီး အားကောင်းထားစေခဲ့သလို ရာသီဥတု ပြောင်းလဲမှုကလည်း အဆိုပါ တောမီးလောင်ကျွမ်းမှုတွေကို အကြိမ်အရေအတွက်ရော၊ ပြင်းထန်မှု အတိုင်းအတာကိုပါ ပိုမိုမြင့်တက်ထားစေခဲ့တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ပြောဆိုနေကြပါတယ်။ 

ယခုနှစ် တောမီးရာသီဟာ ယခင် ပျမ်းမျှအတိုင်းအတာထက် ထိခိုက်ပျက်စီးစေမှုပိုင်း သိသိသာသာ ပိုများထားစေခဲ့တယ်လို့လည်း အီးယူ ဒေတာအချက်အလက်တွေက ပြသနေပါတယ်။ 

တူရကီနိုင်ငံမှာ ဆယ်စုနှစ်တစ်စုသာသာအတွင်း အဆိုးရွားဆုံး တောမီးလောင်ကျွမ်းမှုကို ကြုံတွေ့ခံစားနေရပြီး ယခုနှစ်အတွင်း လက်ရှိအချိန်အထိ ဟက်တာပေါင်း ၉၅,၀၀၀ (၂၃၅,၀၀၀ ဧက) နီးပါး လောင်ကျွမ်းခံထားရပြီ ဖြစ်ပါတယ်။  

ခရီးသွားတွေ လာရောက်လေ့ရှိတဲ့ ဘိုဒရမ်မြို့ ၀န်းကျင်ဒေသတစ်ခုမှာတော့ ဒေသခံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်ခဲ့ရပြီး လေပြင်းတိုက်ခတ်မှုတွေက တောမီးတွေကို ပိုအားကောင်းထားစေခဲ့တယ်လို့ သိရပါတယ်။ 

ကုန်းလမ်းကြောင်းကနေ ထွက်ခွာလို့ မရတာကြောင့် ဒေသခံ ၅၄၀ ဦးခန့်ကို ရေယာဥ်တွေနဲ့ ဟိုတယ်တွေဆီ ခေါ်ထုတ်ထားခဲ့တယ်လို့ သိရပါတယ်။ 

တချိန်တည်းမှာလည်းပဲ ဂရိနိုင်ငံ အနောက်ပိုင်း ပါထရာစ်မြို့အနီးမှာလည်း ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်က တောမီးလောင်ကျွမ်းမှုကြီးတစ်ခု စဖြစ်ခဲ့ပြီး ကျေးရွာငါးခုမှာ ဘေးလွတ်ရာ ရွှေ့ပြောင်းမှုတွေလုပ်ခဲ့ရသလို မီးလောင်ဒဏ်ရာတွေနဲ့ အသက်ရှုမှုဆိုင်ရာ ပြဿနာတွေ ကြုံတွေ့ခဲ့ရသူ ရှစ်ဦးကို ဆေးရုံပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။တောမီးတွေကြောင့် နေအိမ်အလုံး ၂၀ ခန့် မီးလောင်ပြာကျခဲ့တယ်လို့ သိရပါတယ်။ 

အလားတူ အီတလီနိုင်ငံမှာလည်း တောမီးတွေကြောင့် ထိခိုက်ခံစားခဲ့ရပြီး ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဆာဒီနီးယား ဒေသမှာ တောမီးတွေကြောင့် ဟက်တာ ၂၀,၀၀၀ ကျော်ရှိ သစ်တောတွေ၊ သံလွင်တောအုပ်တွေနဲ့ သီးနှံစိုက်ခင်းတွေ ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly