ကနီစစ်ဘေးရှောင်တွေကို အကူအညီပေးနိုင်ရေး ကြိုးပမ်းနေတယ်လို့ စစ်ကိုင်းတိုင်းလွှတ်တော် ဥက္ကဋ္ဌပြော

ကနီစစ်ဘေးရှောင်တွေကို အကူအညီပေးနိုင်ရေး ကြိုးပမ်းနေတယ်လို့ စစ်ကိုင်းတိုင်းလွှတ်တော် ဥက္ကဋ္ဌပြော

ဩဂုတ် ၂

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ တိုက်ခိုက်မှုကြောင့် တောတောင်တွေထဲ ထွက်ပြေးခိုလှုံနေကြရတဲ့ ကနီမြို့နယ် စစ်ဘေးရှောင်တွေအတွက် လိုအပ်တဲ့အကူအညီတွေ ပေးအပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးမြင့်ထွေးက ပြောပါတယ်။

ဒီနေ့ဩဂုတ်လ ၂ ရက်နေ့ မနက်ပိုင်းက ကျင်းပပြုလုပ်တဲ့ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ကျင်းပပြီးနောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးမြင့်ထွေးက ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

“ဒီအလှူရှင်တွေအားလုံးနဲ့ လျှို့ဝှက်စွာ ချိတ်ဆက်ဆောင်ရွက်ပြီးတော့ ကနီပြည်သူတွေကို လှူဒါန်းနိုင်ဖို့အတွက် တဆင့်ဆောင်ရွက်နေတာ ရှိနေပါပြီ” လို့ စစ်ကိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးမြင့်ထွေးက ပြောပါတယ်။

စစ်ကိုင်းဒေသကြီး ယင်းမာပင်ခရိုင် ကနီဒေသဟာလည်း စစ်အာဏာရှင် တိုက်ထုတ်ရေးမှာ တက်တက်ကြွကြွ ပါဝင်ခဲ့တဲ့ ဒေသတစ်ခုဖြစ်သလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ သတ်ဖြတ်မှုကြောင့် ဒေသခံပြည်သူတွေ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။

ကနီမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ တိုက်ခိုက်မှုကြောင့် ကျေးရွာပေါင်း ၃၇ ရွာက သောင်းနဲ့ချီတဲ့ ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး မိုးရာသီကာလည်းဖြစ်တဲ့အတွက် အမိုးအကာ၊ ဆေးဝါးနဲ့ စားရိက္ခာတွေလည်း အရေးပေါ်လိုအပ်နေတယ်လို့ ဒေသခံလွှတ်တော်အမတ်တွေက ပြောပါတယ်။

လက်ရှိမှာတော့ စစ်ဘေးရှောင်တွေအတွက် ဧပြီလထဲမှာတစ်ကြိမ်နဲ့ ဇွန်လအတွင်းမှာ တစ်ကြိမ် NUG အစိုးရက ပမာဏအနည်းငယ် ကူညီထောက်ပံ့မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ယင်းမာပင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နှင်းရီက ပြောပါတယ်။

ဒီနေ့ကျင်းပတဲ့ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်မှာ နွေဦးတော်လှန်ရေးကာလ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုကြောင့် ကျဆုံးခဲ့ရတဲ့ ပြည်သူတွေအတွက် ဝမ်းနည်းဂုဏ်ပြုကြောင်း အဆိုကို ယင်းမာပင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နှင်းရီ က တင်သွင်းခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် ခြောက်ဦးက ထောက်ခံဆွေးနွေးခဲ့ကာကန့်ကွက်သူမရှိတဲ့အတွက် အဆိုကို မှတ်တမ်းတင်ကြောင်း တိုင်းလွှတ်တော်က ကြေညာခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required