အိမ်စောင့်အစိုးရ အသွင်ပြောင်းပေမယ့် နိုင်ငံတကာရာဇဝတ်မှုအတွက် တာဝန်ခံရမယ့် အခြေအနေက ကင်းလွတ်နိုင်မှာ မဟုတ်ဘူးလို့ NUG လူ့အခွင့်ရေးဝန်ကြီး ပြော

01 August 2021
အိမ်စောင့်အစိုးရ အသွင်ပြောင်းပေမယ့် နိုင်ငံတကာရာဇဝတ်မှုအတွက် တာဝန်ခံရမယ့် အခြေအနေက ကင်းလွတ်နိုင်မှာ မဟုတ်ဘူးလို့ NUG လူ့အခွင့်ရေးဝန်ကြီး ပြော
Photo - AFP

ဩဂုတ် ၁

အာဏာသိမ်း စစ်ကောင်စီအဖြစ်ကနေ အိမ်စောင့်အစိုးရလို့ အမည်ပြောင်းလိုက်ပေမယ့် သူတို့ကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ နိုင်ငံတကာရာဇဝတ်မှု ကျူးလွန်မှုတွေကို တာဝန်ခံရမဲ့အခြေအနေကနေ ကင်းလွတ်နိုင်မှာမဟုတ်ပါဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။

“အမည်ပြောင်းလဲ ကျူးလွန်သူတွေရဲ့ တာဝန်ရှိမှုက မပြောင်းသွားနိုင်ပါဘူး။ စစ်တပ်ကကျူးလွန်ခဲ့ တဲ့ပြစ်မှုအားလုံးတွေဟာ သူတို့အတွက် နိုင်ငံတကာမှာ ဂုဏ်သိက္ခာရှိရှိရပ်တည် နိုင်ဖို့နဲ့ ကမ္ဘာ့အလည်မှာ ဝင်ဆန့်နိုင်ဖို့အတွက် အမြဲခြောက်လန့်နေမဲ့ အရိပ်ဆိုးကြီးတွေဘဲ ဖြစ်နေမှာပါ။” လို့ ဦးအောင်မျိုးမင်းက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

စစ်အာဏာသိမ်းပြီး စစ်ကောင်စီကနေ အိမ်စောင့်အစိုးရအဖြစ်နဲ့ အာဏာဆက်ယူထားပေမယ့် စစ်တပ်ဟာ ပြည်သူတွေ ရွေးကောက်တင်မြှောက်ပြီး တက်လာသူတွေမဟုတ်ဘူးဆိုတဲ့အချက်ကိုတော့ ဘယ်လိုမှဖုံးကွယ်လို့ ရမှာမဟုတ်ဘူးလို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီး ခြောက်လပြည့်တဲ့ ဩဂုတ်လ ၁ ရက်နေ့ ဒီနေ့မှာ အာဏာသိမ်းသိမ်းပြီး နောက် ဖွဲ့စည်းခဲ့တဲ့ နစကကို အိမ်စောင့်အစိုးရအဖွဲ့အဖြစ် ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း စစ်တပ်ပိုင် မြဝတီက ကြေညာခဲ့တာ ဖြစ်ပါတယ်။ 

အဲဒီအဖွဲ့ရဲ့ နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် စစ်ကောင်စီ ဥက္ကဋ္ဌ မင်းအောင်လှိုင်က တာဝန်ယူမှာဖြစ်ပြီး စစ်ကောင်စီ ဒုဥက္ကဋ္ဌ က ဒုတိယဝန်ကြီးချုပ်အဖြစ် တာဝန်ယူသွားမှာ ဖြစ်သလို ပြည်ထောင်စုဝန်ကြီးတွေ၊ ပြည်ထောင်စု ရှေ့နေချုပ်နဲ့ အမြဲတမ်းအတွင်းဝန် အိမ်စောင့်အစိုးရအဖွဲ့ရုံးတို့ ပါဝင်မယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

စစ်ကောင်စီကနေ အိမ်စောင့်အစိုးရအသွင်ပြောင်းလိုက်တာဟာ သူတို့ဟာ အစိုးရတရပ်ဖြစ်တယ်ဆိုတဲ့ အချက်ကို ဆုတ်ကိုင်ပြီး နိုင်ငံတကာသံတမန်တိုက်ပွဲအတွက်ပြင်ဆင်လိုက်တဲ့သဘောမျိုးဖြစ်ပြီး အိမ်စောင့်အစိုးရအသွင်နဲ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမှာ လူရာဝင်ဆန့်နိုင်ဖို့ကြိုးစားနေတဲ့ ခြေလှမ်းအစဖြစ်တယ်လို့လည်း ဦးအောင်မျိုးမင်းက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး ခြောက်လတာကာလ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ဇူလိုင်လ ၃၁ ရက်နေ့အထိ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်ရဲ့ သတ်ဖြတ်မှုကြောင့် ပြည်သူ ၉၄၀ ဦး ကျဆုံးခဲ့ပြီး ဖမ်းဆီးချုပ်နှောင် ခံခဲ့ရသူ ၆၉၉၄ ဦးရှိတယ်လို့ AAPP က သတင်းထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required