အိန္ဒိယ၏ JioPhone Next စမတ်ဖုန်းများ ဈေးကွက်သို့ စက်တင်ဘာ၁၀ ရက်တွင် စတင်ရောက်ရှိမည်

အိန္ဒိယ၏ JioPhone Next စမတ်ဖုန်းများ ဈေးကွက်သို့ စက်တင်ဘာ၁၀ ရက်တွင် စတင်ရောက်ရှိမည်

Reliance Industries ၏ ဥက္ကဌ မူကက်ရှ် အာဘန်နီက ၎င်းတို့၏ လက်အောက်ခံ ကုမ္ပဏီခွဲတစ်ခုဖြစ်ပြီး Google နှင့် မိတ်ဖက်ဖြစ်သည့် Jio က ထုတ်လုပ်သည့် စမတ်ဖုန်းများကို စက်တင်ဘာ ၂၀ ရက်တွင် စတင်မိတ်ဆက်မည်ဟု ဇူလိုင် ၂၂ ရက်တွင် ပြောကြားလိုက်သည်။

မြင့်မားသည့် စွမ်းအားမြှင့်စနစ်ကို အသုံးပြုထားသော အန်းဒရိုက်စနစ် JioPhone Next ကို Jio နှင့် Google တို့က အိန္ဒိယဈေးကွက်အတွက် အထူးထုတ်လုပ်ထားကြောင်း အာဘန်နီက ကုမ္ပဏီ၏ ၄၄ နှစ်မြောက် အထွေထွေ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

Jio သည် တစ်နိုင်ငံတည်းတွင် စာရင်းသွင်းထားသူ (subscriber) သန်း ၄၀၀ ကျော်သည့် တရုတ်နိုင်ငံ ပြင်ပမှ ပထမဆုံး ဆက်သွယ်‌ရေး လုပ်ငန်းဖြစ်သလို ကမ္ဘာ့ဒုတိယအကြီး မိုဘိုင်းဒေတာ ချထားပေးသည့် လုပ်ငန်းဖြစ်ကာ တစ်လလျှင် ၆ ဒသမ ၃ ဘီလျံ ဂစ်ဂါဘိုက်အထိ ရှိသည်။

“JioPhone Next စမတ်ဖုန်းဟာ အိန္ဒိယမှာသာမကဘဲ နိုင်ငံတကာမှာလည်း အများတတ်နိုင်တဲ့ ဈေးနှုန်းနဲ့စမတ်ဖုန်းဖြစ်လာဖို့ ကျွန်တော် ကတိပြုပါတယ်” ဟု အာရှတွင် အချမ်းသာဖြစ်သည်ဟု ၂၀၂၁ ခုနှစ်က သတ်မှတ်ခံခဲ့ရသူ အာဘန်နီက ပြောသည်။

Jio ကုမ္ပဏီသည် ဈေးနှုန်းသင့်တင့်သည့် 4G broadband အင်တာနက်ဝန်ဆောင်မှုကို ပေးထားသော်လည်း 2G ကွန်ရက်မှ အဆင့်မမြှင့်နိုင်သေးသည့် မိုဘိုင်းဖုန်းအသုံးပြုသူ သန်း ၃၀၀ ခန့် ရှိနေသေးသည်။ ၎င်းတို့အတွက် 4G စမတ်ဖုန်းများသည် အလှမ်းဝေးကွာနေဆဲဖြစ်သည်။

“ဒါကြောင့် အိန္ဒိယမှာ 2G တွေမသုံးတော့ဘဲ ဈေးနှုန်းအရမ်းချိုသာတဲ့ 4G စမတ်ဖုန်းတွေ သုံးနိုင်ဖို့ လိုအပ်လာပါပြီ” ဟု အာဘန်နီက ပြောသည်။

JioPhone Next ၏ လုပ်ဆောင်ချက်များတွင် အသံဖြင့် ပံ့ပိုးခြင်း၊ မျက်နှာပြင်စာသားများကို အသံထွက်ဖတ်ပေးခြင်း၊ ဘာသာပြန်နှင့် အရည်အသွေးမြင့် ဖစ်တာခံထားသည့် စမတ်ကင်မရာများ ပါရှိမည်။

နှစ်ပတ်လည် အထွေထွေညီလာခံသို့ တက်ရောက်လာသည့် Google အမှုဆောင်အရာရှိချုပ် ဆန်ဒါပီချေးက ၎င်းတို့ကုမ္ပဏီနှင့် Jio တို့ မိတ်ဖက်ပူးပေါင်းမှုကြောင့် စမတ်ဖုန်းအသစ်ကို ယခုနှစ်မကုန်မီ ထုတ်နိုင်တော့မည်ဖြစ်သောကြောင့် 5G နှင့် Google Cloud စနစ်များအထိ ဆက်လက်လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။

အဆိုပါ စမတ်ဖုန်းဖြင့် အိန္ဒိယနိုင်ငံသား ၁ ဘီလျံကျော်သည် ပိုမိုမြန်ဆန်ကောင်းမွန်သည့် အင်တာနက်ကို အသုံးပြုပြီး ၎င်းတို့၏ စီးပွားရေး လုပ်ငန်းများကို ဒစ်ဂျစ်တယ်နည်းပညာဖြင့် အဆင့်မြှင့်နိုင်မည်ဖြစ်ကြောင်း၊ Jio ကုမ္ပဏီသည်လည်း ကျန်းမာရေးနှင့် ပညာရေးကဲ့သို့ ကဏ္ဍများတွင် ဝန်ဆောင်မှုအသစ်များကို ဖန်တီးနိုင်မည်ဖြစ်ကာ အိန္ဒိယ၏ ဒစ်ဂျစ်တယ်ခေတ်တွင် နောက်တစ်ဆင့်အတွက် အခြေခံအုတ်မြစ် ချထားပေးနိုင်မည်ဟု ပြောကြားခဲ့သည်။

ယခုလအစောပိုင်းက ပြိုင်ဖက်များဖြစ်သည့် Reliance Jio နှင့် Bharti Airtel တို့သည် မွမ်ဘိုင်းနှင့် ဂူအာဂါအွန်တို့တွင် 5G ကွန်ရက် စမ်းသပ်မှုများကို အစိုးရက မေလအတွင်း ခွင့်ပြုပြီးနောက် ပြုလုပ်ခဲ့ကြသည်။

ဇူလိုင် ၂၆ ရက်တွင် Airtel က 5G ကွန်ရက်ထူထောင်ရန် Tata အုပ်စုနှင့် မဟာဗျူဟာပူးပေါင်းမှုကို ကြေညာခဲ့ပြီး ရှေ့ပြေးစနစ်ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီတွင် စတင်သွားမည်ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly