ဆောမြို့နယ် စံကျေးရွာတွင် တစ်ရွာလုံးနီးပါး ဖျားနာနေပြီး တစ်ချို့တွင် ကိုးဗစ်ပိုးတွေ့ရှိ

ဆောမြို့နယ် စံကျေးရွာတွင် တစ်ရွာလုံးနီးပါး ဖျားနာနေပြီး တစ်ချို့တွင် ကိုးဗစ်ပိုးတွေ့ရှိ

ဆော - ဇူလိုင် ၃၀

မကွေးတိုင်းဒေသကြီးဆောမြို့နယ်ထဲက စံကျေးရွာတွင် ရွာလုံးကျွတ်နီးပါးဖျားနာနေကြပြီး မိမိစရိတ်ဖြင့် ကိုးဗစ်ပိုးရှိမရှိစစ်ဆေးကြသည့်သူ ၄၀ ကျော်တွင်၂၇ဦးပိုးတွေ့ရှိထားသည်ဟုသိရသည်။

အဆိုပါစံကျေးရွာသည် မင်းတပ်စစ်ဘေးရှောင်အများစုတိမ်းရှောင်နေထိုင်သည့်ရွာဖြစ်ပြီး မကွေးတိုင်းဒေသကြီးဆောမြို့နယ်၊ ကျောက်ထု၊ပန်းဆန်၊တေး၊နှင့် ချင်းပြည်နယ် မင်းတပ်မြို့နယ် ထင်ချောင်းရွာတို့နှင့်ထိစပ်နေခြင်းဖြစ်သည်။

''ကျွန်မတို့ စံကျေးရွာကတော့ တစ်ရွာလုံး နီးပါး ဖျားနေပြီး ၊ဖျားနေတဲ့အိမ်တိုင်းမှာ paracetamol(ပါရာဆီတမော့) ကလွဲပြီး ဘာအားဆေး၊ဘာဆေးမှ မရှိကြပါဘူး။ဟင်းသီးဟင်းရွက်၊ကြက်ဥ၊စားစရာ တွေလည်း ဘယ်မှာမှ ဝယ်လို့မရကြတော့ဘူး၊ဆေးမရှိရင်တောင် အစားအသောက်များများ စားရမှာပါဆိုမှ အစားအသောက်တောင် ဘာဆိုဘာမှမရှိတဲ့အခြေအနေဖြစ်နေတယ်။ပြီးတော့ကိုဗစ်ရောဂါပိုးရှိမရှိ စစ်ဖို့ အတွက်ပိုက်ဆံတတ်နိုင်တဲ့ သူတွေအယောက် ၄၀ကျော်က တစ်ခုကို ၁၅၀၀၀နှင့်ဝယ်ပြီး ပိုးစစ်တာ ၂၇ယောက်မှာကိုဗစ်၁၉ ပိုးတွေ့ရှိထားတယ်။ မစစ်နိုင်ပဲ ဖျားနေတာတွေက တော်တော်ကို များပါတယ်။ပိုးတွေ့၂၇ ယောက်နဲ့ထိတွေ့ပြီး ကူးစက်ထားတာတွေလည်း တစ်ရွာလုံး နီးပါးပါပဲ ''ဟု စံရွာသူတစ်ဦးကပြောသည်။

စံကျေးရွာ သည်အိမ်ခြေ  ၂၄၀ကျော်ရှိသည့်ရွာကြီးဖြစ်ပြီး၊ မင်းတပ်မှစစ်ဘေးရှောင်အိမ်ထောင်စုပေါင်း ၈၂စုနှင့် လူဦးရေ ၄၀၀ကျော်နေထိုင်ကြတာပဲဖြစ်သည်။ စစ်ဘေးရှောင်များနေထိုင်သည့်နေရာတွင် ရွာနှင့်ထိတွေ့မှုမရှိစေရန် နဂိုထဲကသီးခြားထားရှိသည့်အတွက် စစ်ဘေးရှောင်များတွင် ရောဂါကူးစက်မှုမရှိဟုသိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly