အခြေမတည်နိုင်သေးတဲ့ အုပ်ချုပ်ရေး

အခြေမတည်နိုင်သေးတဲ့ အုပ်ချုပ်ရေး

ဇူလိုင် ၃၀

အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတော်အာဏာရယူခဲ့သည်မှာ ၆ လ ပြည့်လာပြီဖြစ်သည်။ သို့သော်လည်း အုပ်ချုပ်ရေးအတွက် အခြေခံကျသည့် အုပ်ချုပ်ရေးမှူးများ ခန့်ထားသည့် အဆင့်တွင် အောင်မြင်မှုများ အပြည့်အဝ မရသေးသည်ကို ဖြစ်ရပ်များက ဖော်ပြနေပေသည်။ 

အုပ်ချုပ်ရေးမှူးတွေနဲ့ ပတ်သက်ပြီး အထူးခြားဆုံး ဖြစ်စဉ်ကတော့ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကောလင်းမြို့နယ်အတွင်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်ဒုဦးစီးမှုးအပါအဝင် စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး ဆယ်ဦးထက်မနည်း ဇူလိုင် ၄ရက် မှာ နှုတ်ထွက်ကြောင်း တပြိုင်တည်းစာတင်ခဲ့ကြသလို လူမှုကွန်ယက်ပေါ်မှာလည်း နှုတ်ထွက်ကြောင်းစာတွေ ဖြန့်ဝေခဲ့ကြခြင်းဖြစ်သည်။ 

နှုတ်ထွက်လိုက်သည့် အုပ်ချုပ်ရေးမှူးတွေထဲမှာ အချို့က ယခင်အုပ်ချုပ်ရေးမှူး အဟောင်းတွေဖြစ်ပြီး စစ်ကောင်စီလက်ထက်မှာ ခန့်အပ်ထားတဲ့အုပ်ချုပ်ရေးမှူးတချို့လည်း ပါဝင်ကြောင်း သိရသည်။

စစ်ကောင်စီကို မကြိုက်ကြတော့ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဘာမှ လုပ်လို့ရမှာ မဟုတ်ဘူး။ လက်လည်းလက်ခံမှာ မဟုတ်ဘူး၊ NLD အစိုးရလက်ထပ်မှာ ကြတော့ ပြည်သူလူထုက အစိုးရကို သဘောကျပြီး ချစ်နေကြတော့ ကျေးရွာမှာ ဘာပဲ လုပ်လုပ် အဆင်ပြေတာပေါ့။ NLD အစိုးရပြန်တက်မှ ဆက်လုပ်မယ်။” ဟု အာဏာသိမ်းပြီးနောက် နှုတ်ထွက်ထားသည့် အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်အာဏာသိမ်းပြီးသည့်နောက် စစ်ကောင်စီအနေနဲ့ ရပ်ကွက်ကျေးရွာတွေအလိုက်ဖွဲ့စည်းထားတဲ့ အုပ်ချုပ်ရေးစနစ်တွေကို ပြန်လည်ပြောင်းလဲဖွဲ့စည်းခြင်းတွေ၊ ရပ်ကွက် ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ ပြန်လည်ခန့်အပ်ခဲ့ရာမှာ ပစ်ခတ်ခံရလို့ သေဆုံးခြင်းတွေနှင့် ရပ်ကွက်ရုံးတချို့ ဖောက်ခွဲခံရခြင်းတွေ ရှိနေသည်။

စစ်ကောင်စီရဲ့ အဓိကထောက်တိုင်တွေဖြစ်တဲ့ အုပ်ချုပ်ရေးမှူးတွေကို မြေအောက်တော်လှန်ရေး တပ်ဖွဲ့များက ရှင်းလင်းဖယ်ရှားမှုတွေ ပြုလုပ်နေခြင်းကြောင့် စစ်အုပ်စုအနေဖြင့် မြန်မာနိုင်ငံကို အာဏာသိမ်းပြီး ၆လကြာမြင့်ချိန်အထိ အချုပ်အခြာအာဏာတည်မြဲရေးအတွက် ထိရောက်ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခြင်း မရှိသေးပေ။

“အနီးကပ်ဆုံးရန်သူကို ပြောပါဆိုရင် အုပ်ချုပ်ရေးမှူးတွေပဲ။” ဟု နွေဦးတော်လှန်ရေးအတွင်း ဖွဲ့စည်းလိုက်သည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ပဲခူးက တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 

ဖေဖော်ဝါရီလ ၁ ရက်နေ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်က အာဏာကို ရယူပြီးနောက် နိုင်ငံနဲ့ တစ်ဝှမ်း ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။ ၍လူထုက အစောပိုင်းတွင် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သော်လည်း အကြမ်းဖက် ဖြိုခွဲခံရသည်။ လက်ဖြောင့်တပ်သားများ သုံး၍ ပစ်သတ်ခဲ့သည်။ ကြမ်းတမ်းစွာ ဖမ်းဆီးရိုက်နှက်ခဲ့ကြသည်။ အကြမ်းဖက်ဖြစ်ရပ်များကို မခံရပ်နိုင်သော ပြည်သူ လူထုကို ကာကွယ်လိုသော ရပ်ရွာရှိ လူများ ပူးပေါင်း၍ ဒေသ အလိုက် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များဟု အမည်ပေးကာ လုံခြုံရေး အဖွဲ့များ ဖွဲ့စည်းခဲ့ကြခြင်း ဖြစ်သည်။ 

လက်သုံးချောင်းသင်္ကေတဖြင့် လှုပ်ရှားခဲ့ကြသည့် လူထုလှုပ်ရှားမှုကိုလည်း နွေဦးတော်လှန်ရေးအဖြစ် လူသိများခဲ့ကြသည်။ 

စစ်ကောင်စီက အသစ်ခန့်ထားသည့် အုပ်ချုပ်ရေးမှူးတွေဟာ စစ်ကောင်စီ အတွက် အဓိက ထောက်တိုင်တွေဖြစ်နေပြီး မြေအောက်လှုပ်ရှားသူတွေအတွက် အဓိက အန္တရာယ်ဖြစ်တယ်လို့ သူက ဆက်ပြောသည်။ 

“မြေအောက်တော်လှန်ရေးလှုပ်ရှားနေသူတွေရှိတယ်။ သူတို့က မြို့ပေါ်ရပ်ကွက်တွေမှာပဲ ခြေရာဖျောက်နေကြရတာ။ သူတို့တွေရဲ့ သတင်းတွေကို စစ်ကောင်စီက တန်းပြီး မသိနိုင်ဘူး။ ဒါတွေနဲ့ ပတ်သက်ပြီးတော့ သူတို့တွေက စစ်ကောင်စီကို သတင်းလှမ်းပေးတယ်။ ဧည့်စာရင်းစစ်တာတွေကို အင်အားဖြည့်ပြီး လုပ်ဆောင်နေတာတွေ ရှိတယ်။ သတင်းပေးတွေ မွေးထားတာတွေ ရှိတယ်။ အဲ့ဒီအတွက် သူတို့(အုပ်ချုပ်ရေးမှူးများ)ကို ရှင်းလင်းနေရတာ” ဟု ၎င်းကပြောသည်။ 

PDF တွေအနေနဲ့ ပြည်သူတွေရဲ့ လုံခြုံရေးကိုချိန်းခြောက်နေသူများ၊ တော်လှန်ရေးသမားတွေအတွက် အနှောက်အယှက်ဖြစ်နေတဲ့ သူများနှင့် စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားကို လည်ပတ်အောင် ကူညီလုပ်ဆောင်ပေးနေသူများကို အနှေးနဲ့အမြန် ရှင်းလင်းဖယ်ရှားမှုများ လုပ်ဆောင်နေကြသည်။

ရပ်ကျေး အုပ်ချုပ်ရေးမှူးများအနေဖြင့် စစ်ကောင်စီကို လက်အောက်ခံတဲ့ အတွက် သေဆုံးခဲ့ရတဲ့ အုပ်ချုပ်ရေးမှူးတွေကို သင်ခန်းစာယူပြီး စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေခြင်းတွေကို အမြန်ဆုံးရပ်တန့်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ ပဲခူးက တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။ 

 “အုပ်ချုပ်ရေးမှူးတွေက ရပ်ကွက်ရဲ့ လုံခြုံရေးကို အုပ်ချုပ်တာ မဟုတ်ဘဲနဲ့ ရပ်ကွပ်အတွင်းမှာ ရှိနေတဲ့ ပြည်သူတွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်တဲ့ပုံစံမျိုးတွေ ၊ စစ်ကောင်စီကို သတင်းပေးတဲ့ အလုပ်တွေ လုပ်နေတယ်။ အာဏာ စသိမ်းတဲ့ အချိန်က စစ်ကောင်စီရဲ့ ယန္တရားတွေလည်ပတ်အောင်လို့ အုပ်ချုပ်ရေးမှူး တွေကနေတစ်ဆင့် အုပ်ချုပ်မှုပုံစံကို  အသက်သွင်းခဲ့ကြတယ်။  ဒါပေမယ့် မအောင်မြင်ပါဘူး။ စစ်ကောင်စီအနေနဲ့ က လုံးဝအုပ်ချုပ်ခွင့်မရအောင်တော့ ကျွန်တော်တို့က လုပ်ရမှာပဲ ။ သူတို့ရဲ့ ယန္တရားမှာ ဘယ်သူတွေ ပါဝင်နေလဲ။ ပါဝင်ကူညီနေသူအားလုံးကို ကျွန်တော်တို့က ရှင်းလင်းသွားမှာပဲ။” ဟု PDF ပဲခူးက တာဝန်ရှိသူက ဆိုသည်။

စစ်ကောင်စီလက်အောက်မှ အုပ်ချုပ်ရေးမှူးများ အနေဖြင့် တစ်လကို လစာ ခုနှစ်သောင်းရရှိပြီး ရုံးအသုံးစရိတ် ငါးသောင်းရသည်ဟု သိရသည်။ အုပ်ချုပ်ရေးမှူးများအနေဖြင့် သက်ဆိုင်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၏ ခိုင်းစေမှုများကို အသေးစိတ် ပြုလုပ်ပြီး ပြန်လည်းတင်ပြကြရသည်။

စစ်ကောင်စီကလည်း အုပ်ချုပ်ရေးမှူးများ၏ လုပ်ပိုင်ခွင့်ကို ကြားကန်ပေးထားသည်။ ယခု ကိုဗစ်ကာလအတွင်းတွင် ကျန်းမာရေးဝန်ထမ်းတွေရဲ့ နေရပ်လိပ်စာအတိအကျရှိမရှိကို အုပ်ချုပ်ရေးမှူးတွေက စိစစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များကို တင်ပြကြရသည်။ အောက်ဆီဂျင် အရေးပေါ်  လိုလျင်ပင် အုပ်ချုပ်ရေးမှူးများထံမှ ထောက်ခံချက်ရမှာသာ အောက်ဆီဂျင် ရခြင်းများ ရှိသည်။

မြေအောက်တော်လှန်ရေး လုပ်နေသူ လူငယ်တစ်ဦးက “တစ်ချို့ အုပ်ချုပ်ရေးမှူးတွေက ရုံးမထိုင်ဘူး။ အိမ်ကပဲ လုပ်တယ်။ တစ်ချို့ကျတော့လဲ စာရင်းမှာ နာမည်တော့ ရှိတယ်။ သူတို့ အုပ်ချုပ်တဲ့နေရာမှာတော့ ဘာမှ မလုပ်နိုင်ဘူး။ ဝဋ်ကြေတန်းကြေ ပုံစံမျိုးပဲ ရှိတယ်။ အဲ့လို လူမျိုးတွေကိုတော့ ဦးစားပေးထဲမှာ မထည့်ထားဘူး။ စစ်ကောင်စီရဲ့ ယန္တရားလည်ပတ်အောင် အတင်းသွပ်သွင်းပြီးတော့ စစ်ကောင်စီနဲ့ပေါင်းပြီး သူ့ရဲ့နယ်မြေမှာ ကြီးစိုးနေတဲ့သူတွေကိုပဲ ဦးစားပေးစာရင်းထဲမှာ ထည့်တာပေါ့။” ဟု ပြောသည်။

အုပ်ချုပ်ရေးမှူးတွေ မရှိခြင်းက ပြည်သူများအတွက် ထူးထူးခြားခြား ပြောင်းလည်းသွားခြင်းမရှိဘဲ ဆိုးကျိုးတွေသာ ရှိနိုင်ပြီး စစ်ကောင်စီ ဘက်မှာတော့ သူတို့ကို သတင်းပေးမည့်သူများ ၊ သူတို့ယန္တရားများကို လည်ပတ်အောင်လုပ်ပေးမည့် အဓိက အောက်ခြေထောက်တိုင်တွေ ပြုတ်သွားမယ့် သဘောမျိုးဖြစ်ကြောင်း မြေအောက်တော်လှန်ရေးလုပ်ဆောင်နေသူ လူငယ်တစ်ဦးက ပြောသည်။

လက်ရှိမှာ သေဆုံးသွားတဲ့ အုပ်ချုပ်ရေးမှူးတွေ နေရာမှာ ပြန်လည်အစားထိုးလုပ်ဆောင်မယ့်သူ နည်းပါးနေပြီး ရပ်/ကျေး စာရေးများကသာ အုပ်ချုပ်ရေးမှူးတာဝန်များကို ပူးတွဲ တာဝန်ယူပြီး လုပ်ဆောင်နေသည်ဟု သိရသည်။

စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများနှင့် သတင်းပေးဒလန်ဟုဆိုသူများ သတ်ဖြတ်ခံနေရမှုများနှင့် ပတ်သက်၍လည်း အုပ်ချုပ်ရေးမှူးတွေရဲ့ လုံခြုံ ရေးကို အပြည့်အဝမလုပ်ပေးနိုင်သေးကြောင်း အာဏာသိမ်းစစ်ကောင်စီ၏ သတင်းပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း က ဇူလိုင်လ ၁၂ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတွင် ပြောသွားခဲ့သည်။

“မေတ္တာရပ်ခံလိုတာကတော့ သံသယရှိတဲ့ အုပ်ချုပ်ရေးမှူးတွေ၊ ရန်ပြုခံရတဲ့သူတွေအနေနဲ့ ခရီးထွက်တယ်၊ သွားတယ်ဆိုလို့ရှိရင် သက်ဆိုင်ရာယုံကြည့်စိတ်ချရတဲ့သူတွေကို အသိပေးသွားဖို့ပြောလိုပါတယ်။ လုံခြုံရေးအခြေအနေအရ တချို့အကူအညီတောင်းခံတာမျိုးတွေလည်းရှိပါတယ်။ တောင်းခံတိုင်းလည်း အကူအညီအပြည့်အဝမပေးနိုင်တာမျိုးလည်းရှိပါတယ်။ သို့သော်သက်ဆိုင်ရာကို အကြောင်းကြားပြီးသွားဖို့တော့ ပြောလိုပါတယ်” ဟု ၎င်းက သတိပေးသည်။

စစ်ကောင်စီအနေနဲ့ ရပ်ကွက်၊ ကျေးရွာအလိုက် လက်နက်ကိုင်မဟုတ်သည့် လုံခြုံရေးအထောက်အကူပြုအဖွဲ့များ ဖွဲ့စည်းလျှက်ရှိပြီး တနိုင်ငံလုံးအတိုင်းအတာဖြင့် ၄၅ ရာခိုင်းနှုန်းခန့် လွှမ်းမိုးနိုင်မှုရှိနေပြီး ဆက်လက်တိုးချဲ့သွားမည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်း ကပြောသည်။

“လက်နက်ကိုင်တဲ့အဖွဲ့တွေတော့မဟုတ်ပါဘူး၊ သူတို့အနေနဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး သတင်းပေးမှုတွေ ကြိုတင်အသိပေးမှုတွေ ဆောင်ရွက်လျှက်ရှိတယ်။ ဒီလုံခြုံရေးစနစ်ထဲမှာတော့ ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်လာမှုများလေ ပိုပြီးအောင်မြင်လေဖြစ်မှာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

လုပ်ကြံသတ်ဖြတ်ခံရတဲ့ အုပ်ချုပ်ရေးမှူးတွေအတွက် အာဏာသိမ်းစစ်အုပ်စုက တစ်ဦးကိုကျပ်ငါးသိန်းစီ သတ်မှတ်ကာ မိသားစုတွေကို ပေးဆောင်ခဲ့ခြင်းများ ရှိသည်။

အာဏာသိမ်းပြီးနောက်ပိုင်း လူထုက ရွေးကောက်တင်မြှောက်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေကို ဖြုတ်ချကာ စစ်အုပ်စုကအစားထိုးအသစ်ခန့်အပ်ထားသူတွေကို ဒလန်အဖြစ် သတ်မှတ်ကာ လုပ်ကြံသတ်ဖြတ်မှုတွေ နိုင်ငံအနှံ့မှာ မကြာခန ဖြစ်ပေါ်နေသည်။  

ပစ်ခတ်တိုက်ခိုက်ခံရမှူကြောင့် သေဆုံးတဲ့ အုပ်ချုပ်ရေးမှူး အရေအတွက်က နိုင်ငံတဝန်း ၃၆ ဦးထက်မနည်း ရှိနေပြီး  အဆိုပါဖြစ်ရပ်တွေကြောင့် အုပ်ချုပ်ရေးမှူးတချို့လည်း နှုတ်ထွက်ခဲ့ကြပါသည်။

အာဏာသိမ်းခဲ့သည်မှာ ၆ လ ရှိလာခဲ့ပြီ၊ အုပ်ချုပ်ရေး ယန္တယားကတော့ ခိုင်မာမှု ရှိမလာခဲ့သေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly