မင်းကင်းမြို့နယ် တောင်ဖြူရွာမှာ PDF တပ်ဖွဲ့ဝင် ၅၀ကျော် ဖမ်းဆီးခံရ 

မင်းကင်းမြို့နယ် တောင်ဖြူရွာမှာ PDF တပ်ဖွဲ့ဝင် ၅၀ကျော် ဖမ်းဆီးခံရ 

ဇူလိုင် ၂၉

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် တောင်ဖြူရွာမှာ မင်းကင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅၀ကျော် ဖမ်းဆီးခံလိုက်ရတယ်လို့ မင်းကင်းပြည်သူ့ ကာကွယ်ရေးတပ်ရဲ့ တာဝန်ရှိသူတစ်ဦးက မဇ္စျိမကိုပြောပါတယ်။ 

တောင်ဖြူရွာမှာ ရှိနေတဲ့ စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားတဲ့ ပျူးစောထီးလိုအဖွဲ့က မင်းကင်း PDF ကို လက်နက်ချပြီး ညှိနှိုင်းဆွေးနွေးမှုတွေလုပ်ဖို့ ကမ်းလှမ်းတာကို လက်နက်မပါဘဲ သွားရောက်ကြရာကနေ ဇူလိုင်လ ၂၈ရက်မှာ  ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

“သူတို့ ဘက်ကလက်နက်ချ စကားပြောမယ်ဆိုပြီး ကျွန်တော်တို့အဖွဲ့တွေက လက်နက်တွေမပါဘဲ ရွာထဲကို ပြန်ဝင်ကြတာ၊ အဲ့အချိန်မှာ ချောင်ပိတ်ပြီး အဖမ်းခံလိုက်ရတာပါ။ ၅၀ ကျော် ဖမ်းခံရပြီး ၁၂ ယောက်ပြန်ပြီး ထွက်ပြေးလွတ်မြောက်ခဲ့တယ်” လို့ မင်းကင်း PDF မှ တာဝန်ရှိသူက ပြောသည်။

ဇူလိုင်လ ၂၈ရက် မနက် ၅နာရီအချိန်မှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာ ဖြစ်ပြီး စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားတဲ့ အင်အား ၁၀၀ခန့်ရှိတဲ့အဖွဲ့တွေနဲ့ စတင်ဖြစ်ပွားခဲ့တာ ဖြစ်ပြီး တစ်နာရီခန့်ကြာမှ စစ်သားနဲ့ ရဲတွေက အင်အားထပ်ဖြည့်ဖို့ ရောက်လာတဲ့အတွက် ပြန်ကယ်ထုတ်လို့ မရတော့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

မင်းကင်း မြစ်ရိုးအောက် ပန်းဆက်ရွာတိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က ၆ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

“ပန်းဆက်ရွာမှာက စစ်ကောင်စီက လက်နက်ပေးပြီး သင်တန်းပေးနေတာတွေ ရှိတယ်၊ အဲ့တာတွေကို သိလို့ လက်ဦးမှုရယူမယ်ဆိုပြီး ကျွန်တော်တို့ဘက်က အရင် စတိုက်ခဲ့တာ” မင်းကင်း PDF မှာ တာဝန်ရှိသူက ဆက်ပြောပါတယ်။

ဖမ်းဆီးခံထားရသူတွေဟာ တောင်ဖြူရွာ စာသင်ကျောင်းမှာ ရှိနေတယ်လို့ သိရပြီး  သေဆုံးမှု နဲ့ ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေကို မသိရသေးပါဘူး။

PDF တွေအနေနဲ့ ဆေးဝါးလုံလုံလောက်လောက်မရှိဘဲ ဆေးဝါးကုသမှုတွေ လိုအပ်နေပြီး တိုက်ပွဲဖြစ်ပွားရာ အနီးအနားမှာ ရှိတဲ့ ရွာ ၃၀ကျော်က ဒေသခံ တစ်ထောင်ခန့်လည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly