ဝန်ကြီးချုပ်လောင်းအဖြစ် ရွေးချယ်ခံရတဲ့ လက်ဘနွန်ရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်က အစိုးရဖွဲ့ဖို့ စတင်ကြိုးပမ်း 

ဝန်ကြီးချုပ်လောင်းအဖြစ် ရွေးချယ်ခံရတဲ့ လက်ဘနွန်ရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်က အစိုးရဖွဲ့ဖို့ စတင်ကြိုးပမ်း 
Photo: EPA

လက်ဘနွန်နိုင်ငံရဲ့ ဝန်ကြီးချုပ်လောင်း နာဂျစ်မီကာတီဟာ နိုင်ငံရေးပါတီတွေနဲ့ အင်္ဂါနေ့က ဆွေးနွေးတိုင်ပင်ခဲ့ရာမှာ အကျပ်အတည်းဆိုက်နေတဲ့ နိုင်ငံကို အမြန်ဆုံး ကယ်တင်နိုင်ဖို့အတွက် အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ရေးမှာ အတူတကွ ဆောင်ရွက်သွားကြဖို့ လိုအပ်ကြောင်းကို တညီတညွတ်တည်း သဘောတူညီခဲ့ကြတယ်လို့ ပြောပါတယ်။ 

ဒါပေမဲ့ တစ်နှစ်နီးပါး အစိုးရမဖွဲ့နိုင်ဘဲ လေးဖင့်နေခဲ့တဲ့ လက်ဘနွန်နိုင်ငံဟာ ကမ္ဘာ့ဘဏ်ရဲ့ ဖော်ပြချက်အရ ၁၈၅၀ ခုနှစ်တွေနောက်ပိုင်း ကမ္ဘာမှာ အဆိုးဝါးဆုံး စီးပွားရေးကပ်ဆိုက်တဲ့ နိုင်ငံဖြစ်နေပြီး နိုင်ငံရေးပါတီတွေကြားလည်း ညှိမရတဲ့ သဘောထားတွေ ဆက်ရှိနေဆဲကြောင့် မီကာတီအတွက်တော့ လေဆန်တိုက်ပွဲကို ရင်ဆိုင်ရတာပဲ ဖြစ်ပါတယ်။ 

ဝန်ကြီးချုပ်အဖြစ်  နှစ်ကြိမ်တိုင် တာဝန်ထမ်းဆောင်ဖူးသူ အသက် ၆၅ နှစ်အရွယ် မီကာတီဟာ လက်ဘနွန်နိုင်ငံမှာ အချမ်းသာဆုံး ဘီလျှံနာသူဌေးကြီးဖြစ်ပြီး အကျင့်ပျက်ခြစားမှု လူနည်းစုကိုယ်စားပြုအစိုးရရဲ့ သင်္ကေတဖြစ်နေတာကြောင့် သူ့ကို ဝန်ကြီးချုပ်လောင်းအဖြစ် ရွေးချယ်ခန့်အပ်တာအပေါ် တော်တော်များများက အယုံအကြည် ကင်းမဲ့လျက် ရှိပါတယ်။ 

အရင် ဝန်ကြီးချုပ်လောင်းအဖြစ် ရွေးချယ်ခံရသူ ဆက်ဒ်ဟာရီရီဟာ အစိုးရမဖွဲ့နိုင်တာကြောင့် နုတ်ထွက်သွားပြီး ရက်ပိုင်းမှာပဲ မီကာတီကို တနင်္လာနေ့မှာ ဝန်ကြီးချုပ်လောင်းအဖြစ် ရွေးချယ်ပြီး အစိုးရဖွဲ့ဖို့ တာဝန်ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ 

အရင် လက်ဘနွန်အစိုးရဟာ ပြီးခဲ့တဲ့နှစ် ဩဂုတ်လက ဘေရွတ်ဆိပ်ကမ်းမှာ သိုလှောင်ထိန်းသိမ်းမှု ညံ့ဖျင်းတဲ့ ဓာတ်မြေဩဇာစက်ရုံ ပေါက်ကွဲမှုကြီးဖြစ်ပြီး လူအသေအဆုံး များခဲ့ရာမှာ လူထုရဲ့ စိတ်ဆိုးဒေါသကြောင့် နုတ်ထွက်သွားခဲ့ရတာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ အင်္ဂါနေ့ မီကာတီဟာ ဩဇာကြီးတဲ့ ရှီယိုက်ဟဇ်ဘိုလာလှုပ်ရှားမှုနဲ့ သမ္မတ မီရှဲလ်အောင်းထူထောင်တဲ့ လွတ်လပ်သော မျိုးချစ်လှုပ်ရှားမှုပါတီတွေ အပါအဝင် ထိပ်တန်းနိုင်ငံရေး ပါတီတွေနဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ 

“ပါတီအားလုံးနဲ့ လွှတ်တော်အမတ်တွေဟာ ကက်ဘိနက်အစိုးရ ဖွဲ့စည်းရေး လုပ်ငန်းစဉ်ကို အရှိန်မြှင့်ဖော်ဆောင်ဖို့ လိုအပ်ကြောင်း တညီတညွတ်တည်း သဘောတူခဲ့ကြတယ်။”လို့ ဆွေးနွေးညှိနှိုင်းမှုအပြီးမှာ မီကာတီက ပြောပါတယ်။ 

လက်ဘနွန်ဥပဒေအရ ဝန်ကြီးချုပ်လောင်း ဖွဲ့စည်းတဲ့ မူကြမ်းကက်ဘိနက်အဖွဲ့ကို သမ္မတနဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေက အတည်ပြုပေးရမှာဖြစ်ပါတယ်။ အရင် ဝန်ကြီးချုပ်လောင်း ဟာရီရီဟာ သူ ဖွဲ့စည်းတင်ပြတဲ့ မူကြမ်း အစိုးရစာရင်းကို သမ္မတက ပြင်ဆင်ပယ်ဖျက်တာတွေ လုပ်ဆောင်ဖို့ တောင်းဆိုတာကြောင့် အစိုးရမဖွဲ့နိုင်ဘူးဆိုပြီး နုတ်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly