အိန္ဒိယတွင် မှိုနက်ရောဂါကြောင့် သေဆုံးသူ ၄,၃၀၀ ကျော်အထိ ရှိ

အိန္ဒိယတွင် မှိုနက်ရောဂါကြောင့် သေဆုံးသူ ၄,၃၀၀ ကျော်အထိ ရှိ

အိန္ဒိယနိုင်ငံတွင် မှိုနက်ရောဂါကြောင့် လူပေါင်း ၄,၃၀၀ ကျော်အထိ သေဆုံးထားခဲ့ကြောင်းနှင့် အဆိုပါ ကူးစက်ရောဂါက အဓိကအားဖြင့် ကိုဗစ်-၁၉ လူနာများကို ကူးစက်ထိခိုက်စေလျက် ရှိကြောင်း သိရသည်။

အိန္ဒိယတွင် mucormycosis ဟု ခေါ်သည့် ရှားပါးပြီး အန္တရာယ်များသည့် ကူးစက်မှု ဖြစ်စဉ်ပေါင်း ၄၅,၃၇၄ ခု ရှိခဲ့သည်ဟု ထုတ်ပြန်ထားကြောင်း ကျန်းမာရေး၀န်ကြီး မန်ဆွတ်ခ် မန်ဒါဗီယာက ပြောသည်။

အဆိုပါ မှိုနက်ရောဂါသည် နှာခေါင်း၊ မျက်လုံးများနှင့် တစ်ခါတစ်ရံ ဦးနှောက်အထိ ကူးစက်ပြီး ပုံမှန်အားဖြင့် ကိုဗစ်ကနေ ပြန်လည်သက်သာပြီးနောက် ၁၂ ရက်ကနေ ၁၈ ရက်အကြား အဆိုပါ ရောဂါကူးစက်မှု စွဲကပ်လေ့ ရှိကြောင်း သိရသည်။

ကူးစက်ခံထားရသူများ၏ ထက်၀က်နီးပါးခန့်သည် လက်ရှိအချိန်အထိ ကုသမှု ခံယူနေရဆဲဖြစ်သည်။

အဆိုပါ မှိုနက်စွဲမှုက ကိုဗစ် ကုသရာတွင် အသုံးပြုသည့် ဓာတုဒြပ်ပေါင်းတစ်ခုဖြစ်သည့် steroids များနှင့် ဆက်စပ်မှုတစ်ခု ရှိကြောင်းနှင့် အထူးသဖြင့် ဆီးချိုရောဂါ ရှိသူများ ကူးစက်ခံရနိုင်သည့် အန္တရာယ်ရှိကြောင်း ဆရာ၀န်များက ပြောသည်။

Steroids များသည် ကိုဗစ်-၁၉ အတွက် အဆုတ်များအတွင်း ရောင်ရမ်းမှုကို လျော့ကျစေသလို ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်က ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ထုတ်ရန် အပြင်းအထန် လုပ်ဆောင်ရချိန် ဖြစ်ပေါ်လာနိုင်သည့် ထိခိုက်မှုတစ်ချို့ကို ကူညီတားဆီးပေးနိုင်ပုံပေါ်သည် ဟု သိရသည်။

သို့သော် ယင်းတို့သည် ကိုယ်ခံအားကို လျော့ကျစေသလို ဆီးချိုရှိသည့် ကိုဗစ်-၁၉ လူနာများရော၊ ဆီးချိုမရှိသည့် ကိုဗစ်-၁၉ လူနာများရောတွင် သွေးတွင်း သကြားဓာတ်လယ်ဗယ်များကို မြင့်တက်စေသည်။

မှိုသတ် ထိုးဆေးတစ်ခုသာလျင် ထို ရောဂါအတွက် ထိရောက်သည့် တစ်ခုတည်းသော ဆေးဖြစ်ကြောင်း ဆရာ၀န်များက ပြောသည်။

အဆိုးရွားဆုံး ထိခိုက်ခံရသည့် ပြည်နယ်များမှာ မဟာရက်ရှ်ထရာနှင့် ဂူဂျာရတ် ဖြစ်ပြီး ယင်းတို့တွင် လူပေါင်း ၁,၇၈၅ ဦးမှာ အဆိုပါ မှိုနက်‌ရောဂါကြောင့် သေဆုံးခဲ့သည်။

ထိုရောဂါ ကူးစက်ခံရသူပိုင်းရော၊ သေဆုံးမှုပိုင်းရောကို အရေအတွက်ကောက်ယူမှုပိုင်းတွင် အမှန်တကယ်ဖြစ်ပွားသည့် အရေအတွက်ထက် လျော့နည်းနေမှုများ ကြီးကြီးမားမား ရှိထားကြောင်း မှိုနက်ရောဂါခံစားရသူလူနာများကို ကုသပေးထားခဲ့သည့် ဘန်ဂလိုး အခြေစိုက် မျက်စိ ခွဲစိတ်ကုဆရာ၀န် ဒေါက်တာ ရက်ဂ်ဟူရာ ဟက်ဒီက ပြောသည်။

“ထုံးစံကတော့ ဒီမှိုနက်ရောဂါကြောင့် သေဆုံးမှုတွေဟာ ရောဂါရပြီး သီတင်းပတ်တွေကနေ လတွေ အတောအတွင်း ဖြစ်ပွားပါတယ်၊ ကျွန်တော်တို့ရဲ့ လက်ရှိစနစ်တွေက အဲဒီ ဒေတာတွေကို သေချာကောက်ယူနိုင်ဖို့အထိ မကောင်းမွန်ပါဘူး” ဟု ၎င်းက ပြောသည်။

ရောဂါ ကူးစက်မှုဖြစ်စဉ်များကို ရေတွက်ရာတွင် အမှန်တကယ် ရှိနေသည့် ကိန်းဂဏန်းများထက် လျော့နည်းနေမှုများ ရှိနေခဲ့ပြီး အကြောင်းမှာ သေးငယ်သော ဆေးရုံများနှင့် ကျေးလက်ဧရိယာများတွင် ရောဂါရှာဖွေစစ်ဆေးမှုပိုင်း ခက်ခဲခြင်းကြောင့် ဖြစ်ကြောင်းနှင့် ကူးစက်ခံရသူများအနက် အနည်းငယ်ကသာလျင် မြို့ကြီးများရှိ ဆေးရုံများသို့ ရောက်လာခဲ့ကြောင်း ၎င်းက ပြောခဲ့သည်။

လူနာအများအပြားသည် ဆေးရုံ မရောက်မီမှာပင် ရောဂါကြောင့် သေဆုံးခဲ့ကြကြောင်း၊ ကုသမှုခံယူပြီး ပြန်လည်သက်သာသွားသည့် လူနာအများအပြားသည်လည်း ထိုရောဂါ နောက်တစ်ကြိမ် ပြန်ထမှုကို ခံစားရပုံပေါ်ကြောင်း ဆရာ၀န်များက ပြောသည်။

“ဒီ မှိုနက်‌ရောဂါကို တက်တက်ကြွကြွ ကုသမှုခံထားပြီး ဆေးရုံတွေကနေ ဆင်းသွားကြတဲ့ လူနာတွေ နောက်တစ်ကြိမ် ဒီရောဂါပြန်ဖြစ်ပြီး ဆေးရုံတွေ ပြန်ရောက်လာကြတာကို ကျွန်တော်တို့ တွေ့နေရပါတယ်၊မျက်စိ ဒါမှမဟုတ် ဦးနှောက်မှာ ရောဂါ ပိုမို ကူးစက်ပျံ့နှံ့တာတွေလည်း ပြသနေပါတယ်” ဟု မွမ်ဘိုင်းအခြေစိုက် မျက်စိ ခွဲစိတ်ကုဆရာ၀န် ဒေါက်တာ အက်ခ်ရှေး နဲရာ က ဘီဘီစီကို ပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly