မြန်မာတွင် ‘ကိုဗစ်ကာလ အပစ်ရပ်စဲရေး’ အတွက် တွန်းအားပေးရန် လုံခြုံရေးကောင်စီကို ကုလကျွမ်းကျင်သူ တိုက်တွန်း

မြန်မာတွင် ‘ကိုဗစ်ကာလ အပစ်ရပ်စဲရေး’ အတွက် တွန်းအားပေးရန် လုံခြုံရေးကောင်စီကို ကုလကျွမ်းကျင်သူ တိုက်တွန်း
Photo - AFP

ဇူလိုင် ၂၇

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှင့် သေဆုံးမှုများ များပြားနေစဉ်ကာလအတွင်း အရေးပေါ် “ကိုဗစ် အပစ်ရပ်စဲမှု” အတွက် တွန်းအားပေးလုပ်ဆောင်ကြရန် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွန် အန်ဒရူးစ်က ကုလလုံခြုံရေး ကောင်စီနှင့် အဖွဲ့ဝင်နိုင်ငံများကို ဇူလိုင် ၂၇ ရက်တွင် တိုက်တွန်းခဲ့သည်။

နိုင်ငံတွင် ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုနှင့် သေဆုံးမှုများ တိုးလာနေချိန်တွင်တောင်မှ အာဏာသိမ်းစစ်ကောင်စီသည် ကျန်းမာရေး စောင့်ရှောက်မှု အမှုထမ်းများကို တိုးမြှင့် တိုက်ခိုက်လျက် ‌ရှိစဉ် ကုလကျွမ်းကျင်သူက အထက်ပါအတိုင်း တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။

နိုင်ငံကို ဆက်လက် မွှေနှောက်နေသည့် ကိုဗစ်-၁၉ ကပ်ရောဂါကို တိုက်ဖျက်ရန်အတွက် အ‌ရေးတကြီး လိုအပ်နေသည့် ကျန်းမာ‌ရေး စောင့်ရှောက်မှု ကျွမ်းကျင်အတတ်ပညာရှင်များအပေါ် တိုက်ခိုက်မှုများအပါအဝင် စစ်ကောင်စီ၏ တိုက်ခိုက်မှုမှန်သမျှ ချက်ချင်း ရပ်စဲစေရေး တောင်းဆိုမည့် ဆုံးဖြတ်ချက်များ အတည်ပြုခြင်း အပါအဝင် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် လုပ်နိုင်သမျှ နည်းလမ်းအားလုံးကို အသုံးပြုသွားကြရန် လိုအပ်ကြောင်း ကုလ အထူးကိုယ်စားလှယ်က အလေးပေး ပြောကြားသွားခဲ့သည်။

“မြန်မာနိုင်ငံမှာ လူအများအပြားဟာ အကူအညီမဲ့ အချည်းနှီး သေဆုံးထားခဲ့ကြရပြီး ကုလ အဖွဲ့ကြီးရဲ့ အရေးတယူလုပ်ဆောင်မှု မရှိဘူးဆိုရင် နောက်ထပ် လူအများအပြား ထပ်မံ သေဆုံးရပါလိမ့်မယ်” ဟု အန်ဒရူးစ်က သတိပေးသွားခဲ့သည်။

“ဒါကြောင့်မို့ ကိုဗစ်-၁၉ အကျပ်အတည်းကြားမှာ အာဏာသိမ်းစစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေ၊ နှောင့်ယှက်ဒုက္ခပေးမှုတွေ၊ ဖမ်းဆီးထိန်းသိမ်းမှုတွေ ချက်ချင်း ရပ်တန့်စေရေးအတွက် ကုလအနေနဲ့ အရေးယူဆောင်ရွက်ရပါလိမ့်မယ်” ဟု ၎င်းက ပြောသွားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required