အိန္ဒိယ၏ Vodafone Idea ဆက်သွယ်ရေးကုမ္ပဏီ ရူပီး ကုဋေ ၁၅၀၀၀ ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုချက်ရရှိ

အိန္ဒိယ၏ Vodafone Idea ဆက်သွယ်ရေးကုမ္ပဏီ ရူပီး ကုဋေ ၁၅၀၀၀ ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုချက်ရရှိ

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းနှင့် ဂန္ဓီနာဂါမြို့များတွင် အခြေစိုက်ထားသည့် Vodafone Idea ဆက်သွယ်ရေးကုမ္ပဏီက နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှတစ်ဆင့် ရူပီးကုဋေ ၁၅၀၀၀ (15,000 crore)ရင်းနှီးမြှုပ်နှံရန် လျှောက်ထားမှုကို ဗဟိုအစိုးရက ခွင့်ပြုလိုက်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများပါဝင်သည့် အဆင့်မြင့်အရာရှိများက ခွင့်ပြုချက်ကို ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ ခွင့်ပြုချက်ရရှိလိုက်ခြင်းကြောင့် ငွေကြေးအခက်အခဲကြုံတွေ့နေရသည့် Vodafone Idea ကုမ္ပဏီအနေဖြင့် စာရင်းရှင်းတမ်းအတွက် ပေးဆပ်ရမည့် ငွေများကို ပေးဆပ်ရန် ငွေကြေးထည့်ဝင်မှုများ ရရှိမည်ဖြစ်သလို၊ ကြွေးမြီများ လျော့ကျ၍ လုပ်ငန်းအတွက် ကုန်ကျစရိတ်များကို သုံးစွဲနိုင်တော့မည်ဖြစ် သည်။

ကုမ္ပဏီက အစိုးရသို့ အကြွေးပေးဆပ်ရန် အချိန် နီးကပ်လာချိန်တွင် ယခုကဲ့သို့ ခွင့်ပြုချက်ရရှိခြင်း ဖြစ်သည်။

ယခုလုပ်ဆောင်ချက်သည် အစိုးရအနေဖြင့် Vodafone Idea အား စီးပွားရေးအရ နိမ့်ပါးမသွားစေလိုသည့် သဘောထားဖြစ်ကြောင်း ဆက်သွယ်ရေးဌာန အရာရှိတစ်ဦးက ပြောကြားသည်။

BSE ငွေကြေးဈေးကွက်တွင် Vodafone Idea ၏ ရှယ်ယာဈေးသည် ၂ ဒသမ ၈ ရာခိုင်နှုန်းမြင့်တက်ကာ ရူပီး ၉ ဒသမ ၂၅ သို့ ရောက်ရှိသွားသည်။

ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုချက်ရခြင်းအပေါ် မေးမြန်းခြင်းအပေါ် ကုမ္ပဏီက မီဒီယာသို့ ပြန်လည် ဖြေကြားထားခြင်း မရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly