ဟေနန်ရေဘေးဒုက္ခသည်များအား ကူညီရန် တရုတ်ပြည်သူများက စည်းရုံးလှုံ့ဆော်မှုအချို့ Weibo တရုတ်လူမှုမီဒီယာမှ ဖယ်ရှားခံရ

By ANI
26 July 2021
ဟေနန်ရေဘေးဒုက္ခသည်များအား ကူညီရန် တရုတ်ပြည်သူများက စည်းရုံးလှုံ့ဆော်မှုအချို့ Weibo တရုတ်လူမှုမီဒီယာမှ ဖယ်ရှားခံရ

တရုတ်နိုင်ငံအလယ်ပိုင်း ဟေနန်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ရေကြီးနစ်မြုပ်မှုအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အရှိန်တိုးမြှင့်ဆောင်ရွက်ရန် လူမှုမီဒီယာတွင် ပြည်သူများက စည်းရုံးလှုံ့ဆော်လျှက်ရှိကြသည်။

Weibo လူမှုမီဒီယာ အသုံးပြုသူများက ရေကြီးမှုတွင် ပိတ်မိနေသော၊ အန္တရာယ်ကျရောက်နေသော ပြည်သူများကို ကျွမ်းကျင် ကယ်ဆယ်ရေးအဖွဲ့များ၊ အခြား အကူအညီပေးသူများနှင့် ချိတ်ဆက်ပေးကြသော်လည်း ပိတ်မိနေသူများနှင့် အကူအညီတောင်းခံခြင်းများကို ဖော်ပြထားသည့် ပို့စ်အချို့ကို Weibo မှ ဖယ်ရှားခံခဲ့ရသည်။

ကျန်ကျိုးမြို့တော်တွင် ၃ ရက်ကြာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် လူ ၃၃ ဦးထက်မနည်းသေဆုံးခဲ့သည်။

အင်တာနက်ပေါ်တွင် ဆောင်ရွက်မှုများကို စောင့်ကြည့်ရန် တရုတ်အစိုးရက လူပေါင်းသန်းနှင့်ချီ၍ တာဝန်ပေးထားသည်။

၂၀၁၅ ခုနှစ်က ဖြစ်ပွားခဲ့သည့် ယန်ဇီမြစ်အတွင်း သင်္ဘောမှောက်မှုကဲ့သို့ ယခင်က ဖြစ်ပွားခဲ့သည့် ဘေးအန္တရာယ်များတွင် တရုတ်အစိုးရက တည်ငြိမ်မှုကို ထိန်းသိမ်းရန်နှင့် အစိုးရဆန့်ကျင်ရေးစိတ်ဓာတ်များကို ဟန့်တားရန် လူမှုမီဒီယာပို့စ်အချို့ကိုဖယ်ရှားခဲ့ဖူးသည်။

ကျန်ကျိုးမြစ်ရေကြီးမှုတွင် လူအများအပြားက ၎င်းတို့၏ ထိတ်လန့်ဖွယ်ရာ အဖြစ်အပျက်များကို ရေးသားဖော်ပြကာ အကူအညီတောင်းခံခဲ့ကြရာ လူမှုမီဒီယာပေါ်မှ ပြည်သူများက ကယ်ဆယ်ရေးအဖွဲ့များနှင့် ချိတ်ဆက်ပေးခဲ့ကြသည်။

ရထားလမ်းရေနစ်မြုပ်မှုကြောင့် ခရီးမဆက်နိုင်သည့် သတင်းထွက်ပေါ်လာသည့်အခါ ပြည်သူများက ရထားများ၏ နံပါတ်များနှင့် ခရီးသည်များ လိုအပ်နေသည့်အရာများကို လူမှုမီဒီယာတွင် ဖော်ပြခဲ့ကြသဖြင့် အနီးဝန်းကျင်ရှိ ပြည်သူများက အစားအသောက်နှင့် ရေများကို သွားရောက်ပေးပို့ခဲ့ကြသည်။

အချို့ကလည်း အရေးပေါ် ကယ်ဆယ်ရေးအကြံဉာဏ်များ၊ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ဆိုင်သည့် သတင်းအချက်အလက်များကို မျှဝေခဲ့ကြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly