နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၄ ဇူလိုင် ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၄ ဇူလိုင် ၂၀၂၁)
(Photo : : CJ - ဇူလိုင်လ ၂၄ ရက်၊ မြိုင်မြို့နယ် လူငယ်များ၏ အခြေခံပညာအထွေထွေသပိတ်ကော်မတီနှင့် မြောက်ပိုင်းဇုန်ရှိပြည်သူများ၏ အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်)

ရန်ကုန်တိုင်းဒေသကြီး

  • စမ်းချောင်းတွင် ယနေ့ ဇူလိုင်လ ၂၄ရက်နေ့ နံနက်ပိုင်းက အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး စမ်းချောင်း ပင်မသပိတ်စစ်ကြောင်းကို လူငယ်များ ဦးဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
  • Covid 19 ရောဂါကြောင့် အမေ၊အဒေါ်နှင့်အမတို့သေဆုံးခဲ့သဖြင့် ရေဝေးသုသာန်တွင် Live လွှင့်ခဲ့ပြီးစစ်တပ် ၏စီမံခန့်ခွဲမှု ညံ့ဖျင်းပုံအားဝေဖန်ခံသူ တပ်ထောက်ခံအမျိုးသားရေးသမား ကိုလတ်(မင်္ဂလာတောင်ညွန့် ) အား  ယမန်နေ့ ညက စစ်တပ် အင်အား ၃၀ လောက်ဖြင့်လာဖမ်းသွားပြီး ယနေ့ နံနက်ပိုင်းက ပြန်လွှတ်ပေးခဲ့ ကြောင်းသိရသည်။
  • ရန်ကုန်မြို့ကအောက်စီဂျင်စက်ရုံတချို့တွင် ယမန်နေ့ကစတင်ပြီး တန်းစီစနစ်ဖြင့် အောက်စီဂျင်ပေး တော့မှာ မဟုတ်ဘဲ သက်ဆိုင်မြို့နယ်အလိုက် အောက်စီဂျင်ဖြန့်ဖြူးရေး ကော်မတီမှ တစ်ဆင့်ဖြန့်ဝေပေး မည်ဖြစ်ကြောင်း သိရသည်။
  • ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက် အောက်ဆီဂျင် ထောက်ပံ့ရေးအဖွဲ့များ ဖွဲ့စည်းပြီးဖြစ်သလို အောက်ဆီဂျင်အခမဲ့ပေးဝေသည့် အစီအစဉ်ကို ဒီနေ့ ဇူလိုင်လ (၂၄) ရက်နေ့က စတင်လိုက်လိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီမှ သိရသည်။
  • ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၀) ရပ်ကွက်၊ ရန်ကြီးအောင်လမ်းတွင် နေထိုင် သည့်ကိုကျော်မိုးကို ယမန်နေ့ ည (၈) နာရီ သံပုံးတီးနေချိန်တွင် စစ်ကောင်စီအဖွဲ့က လာရောက်ဖမ်းဆီး သွားပြီး ယနေ့ ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။
  • ရန်ကုန်တွင် ယမန်နေ့ည(၈)နာရီက စပြီး စစ်အာဏာရှင်မောင်းထုတ်သည့် သံပုံးတီးသပိတ်ကို မြို့နယ်အနှံ့ ပြုလုပ်နေကြောင်း သိရသည်။
  • ရန်ကုန်တွင် စစ်အာဏာရှင်ဖြုတ်ချ​ရေးအတွက် သန်လျင်GZ များက ယ​နေ့ ည​နေပိုင်း ချီတက်သပိတ်​မှောက်ကြသည်။
  • ရန်ကုန်မြို့ အင်းစိန်ထောင်မှာ ဇူလိုင် ၂၃ ရက်  နိုင်ငံရေးအကျဉ်းသားများ ဆန္ဒပြခဲ့ကြတာကြောင့် စစ်ကောင်စီ တပ်ဖွဲ့ ဝင်များမှ ရိုက်နှက်ဖြိုခွဲခံရပြီးနောက် ဦးဆောင်ပါဝင်ခဲ့သည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အဖွဲ့ချုပ် ဗဟိုအမှုဆောင်အဖွဲ့ဝင် ကိုဇော်ထက်နိုင် ခေါ် စစ်နိုင်နှင့် တခြားနိုင်ငံရေး အကျဉ်းသားများ တိုက်ပိတ်ခံ ထားရကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က သတင်းထုတ်ပြန်သည်။

မန္တလေးတိုင်းဒေသကြီး

  • မန္တလေးမြို့ရှိ မြတောင်သပိတ်စစ်ကြောင်းသည် ဖမ်းဆီးမူများရှိနေသည့်ကြားထဲကပင် ယနေ့ နံနက်ပိုင်း၌ စစ်အာဏာရှင်ကိုအလိုမရှိသော အားဖြင့် သပိတ်မှောက်ဆန္ဒထုတ်ဖော်မူလှုပ်ရှားမူကိုပြုလုပ်ခဲ့သည်။
  • မန္တလေးတွင် သံဃသမဂ္ဂ ဆရာတော်များ ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၂၄ရက်နေ့က "တိုက်ပိတ်လိုက်လို့ ငြိမ်သွားမယ့်ထဲမှာ အမှန်တရားမပါဘူး" အကြမ်းဖက် စစ်ကောင်စီ ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
  • အကြမ်းဖက် စစ်ကောင်စီ အာဏာရူးများကို အမြစ်က ဆွဲနှုတ်မည် ကြွေးကြော်သံများဖြင့် ယနေ့ ဇူလိုင်လ ၂၄ရက်တွင် အရမ်းညီတဲ့ ချမ်းစည် သပိတ်စစ်ကြောင်းနှင့် သမဝါယမတက္ကသိုလ်ကျောင်းသားများ သမဂ္ဂသပိတ်စစ်ကြောင်းများ ပူးပေါင်းချီတက်ဆန္ဒပြကြသည်။
  • မန္တလေးတွင် ယနေ့ ဇူလိုင် ၂၄ရက်နေ့က လူငယ်များ ဦးဆောင်ကာ အကြမ်းဖက် စစ်တပ်က (၇)နှစ်သမီးလေး ကို ရက်စက်စွာ သတ်ဖြတ်ခဲ့တာ မန္တလေးမှာဆိုတာ မမေ့ရန်နှင့် သွေးကြွေးမှာ ဆွေးနွေးစရာမရှိကြောင်း စာသားကို မန္တလေးမြို့အဝင်တွင် ချိတ်ဆွဲကာ လူထုကို အသိပေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
  • မန္တလေးမြို့ သံဃသမဂ္ဂဆရာတော်များ၏ အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုကို ယနေ့ပြုလုပ်ခဲ့ကြောင်း သိရသည်။
  • မန္တလေးမြို့၊လမ်း၄၀၊၆၃လမ်းနှင့် ၆၄လမ်းကြားက နေအိမ်တစ်အိမ်ကို မွန်းလွဲ ၂ နာရီခန့်ကဝင်ရောက် အနုကြမ်းစီးခံခဲ့ရကာ အိမ်ရှင်တစ်ဦး ဓါးဒဏ်ရာရခဲ့ကြောင်း သိရသည်။
  • အာဏာသိမ်းအဖွဲ့မှ နည်းလမ်းပေါင်းစုံဖြင့် ဆန္ဒပြ ပြည်သူများအပေါ် အကြမ်းဖိနှိပ်မှုများအကြား မန္တလေးမြို့မှ ကျောင်းသားလူငယ်များက စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ကို  ဇူလိုင်လ (၂၄) ရက်နေ့တွင် လုပ်ဆောင်ကြသည်ကို တွေ့ရသည်။
  • မန္တလေးမြို့တွင်၊ ဇူလိုင်လ ၂၄ ရက် ညနေပိုင်းက အာဏာရူးတွေကို အမြစ်ကနေ ဆွဲနှုတ်မည့် နောက်ဆုံး ပွဲဟု ကြွေးကြော်ကာ မန္တလေးလူငယ်များသပိတ်စစ်ကြောင်းချီတက်ခဲ့ပြီး စစ်အာဏာရှင်ဖြုတ်ချရေး ဆန္ဒပြကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး

  • စစ်ကိုင်းတိုင်းဒေသကြီး၏ တောင်ပိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်း အင်တိုင်းသာကျေး ရွာအနီးတွင် တရားမဝင်သစ်များ သယ်ဆောင်လာသည့် သစ်မှောင်ခိုကားအား ဖမ်းဆီးပြီး သစ်များကို ပုလဲ PDF က မီးရှို့ဖျက်ဆီးလိုက်ကြောင်း ထုတ်ပြန်ကြေညာသည်။
  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကျေးစာကျရွာနဲ့ ပေကုန်းရွာ နှစ်ရွာ ပူးပေါင်းပြီး စစ်အာဏာရှင် အလိုမရှိကြောင်း ဇူလိုင် ၂၄ ရက်၊ ဒီနေ့ ချီတက်ဆန္ဒပြခဲ့ကြသည်။
  • တင့်ကားများအပါအဝင် စစ်လက်နက်များနှင့် ရိက္ခာများတင်ဆောင်လာသော စစ်သင်္ဘောလေးစီးသည် ယနေ့နံနက်က တကောင်းမြို့ကိုဖြတ်၍ အထက်ထီးချုင့်ကသာမှသည် ဗန်းမော်ဆိပ်ကမ်းဘက်ကို ဆန်တက်သွားကြောင်း ဒေသခံများအပြောအရသိရသည်။
  • ယင်းမာပင်မြို့နယ် ကျေးစာကျရွာနှင့် ပေကုန်းရွာ ပူးပေါင်းကာ အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ယနေ့ ဇူလိုင်လ ၂၄ရက်နေ့က ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
  • ကလေးမြို့ လူငယ်များကလည်း အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ကို ပြုလုပ်ခဲ့သည်။
  • မုံရွာမြို့ပေါ်တွင် ယနေ့ ဇူလိုင်လ ၂၄ရက်ေ်န့ နံနက်ပိုင်းက အင်းစိန်ထောင်တွင်းရှိ မတရားဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားများကြောင်း အတူရပ်တည်ကြောင်း ဗိုလ်ချုပ်လမ်းမပေါ် အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး "ခြောက်ပေမယ့် ကြောက်မနေဘူး" မုံရွာ LGBT သပိတ်စစ်ကြောင်း ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး

  • မကွေးတိုင်း၊ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ သဒွတ်အုပ် စု၊ သဒွတ်ကျေးရွာမှ ​ကျေးရွာအုပ်ချူပ်ရေးမှူး ဦးစံအောင် ဆိုသူအား ဇူလိုင်လ ၂၂ ရက်နေ့၊ည ၁၁ နာရီဝန်းကျင်ခန့်က သူ၏နေအိမ်တွင်ဓားဖြင့် ခုတ်သတ်ခဲ့ ကြောင်း ဗိုလ်ဆိတ်အုပ် ဦး ဆောင်သော "ကျားကိုမောင်းထုတ် ဗိုလ်ဆိတ်အုပ် ပျောက်ကျား တပ်ဖွဲ့”ထုတ်ပြန်သည်။
  • မကွေးတိုင်း သရက်ခရိုင် အောင်လံမြို့တွင် ယနေ့ ဇူလိုင်လ ၂၄ရက်နေ့က လူငယ်များ ဦးဆောင်ကာ အခြေခံလူတန်းစား ပြည်သူများကို အစားအသောက်များ လိုက်လံ ဝေငှပြီး " ပြည်သူမှာ ပြည်သူပဲရှိတယ် " ကမ်ပိန်းပြုလုပ် ခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး

  • လောင်းလုံးမြို့နယ် ဝေဒီကျေးရွာတွင် အခြေခံပညာကျောင်းသား/သူများ ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၂၄ရက်နေ့ မွန်းလွဲပိုင်းတွင် အာဏာရူး (မင်းအောင်လှိုင်)ကို တပြည်လုံး အုံကြွတော်လှန်ကြရန် ပြည်သူ များကို တောင်းဆိုသည့် အကြမ်းဖက် စစ်ကောင်စီ ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
  • ထားဝယ်မြို့တွင် ယနေ့ ဇူလိုင်လ ၂၄ရက်နေ့ မွန်းလွဲပိုင်းက ထားဝယ်ပင်မစစ်ကြောင်းနှင့် ကျောင်းသား စစ်ကြောင်း တို့ ပူးပေါင်းကာ အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
  • ထားဝယ်မြို့ အရှေ့တောတွင် အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ယနေ့ ဇူလိုင်လ ၂၄ရက်နေ့က လူငယ်များ ဦးဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
  • တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ အောက်ရေဖြူကျေးရွာတွင် ဇူလိုင်လ ၂၄ ရက် ညနေက စစ်အာဏာရှင် ဖြုတ်ချရေး အလံမလိပ် အသံမတိတ် သပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြကြသည်။

ကချင်ပြည်နယ်

  • ဖားကန့်မြို့ ၊လုံးခင်းအုပ်စု ဒေသခံပြည်သူများမှ အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ် စစ်ကြောင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး

  • ပြည်သူ့ကာကွယ်ရေးတပ် (ပဲခူး) လက်ချက်ကြောင့် အာဏာသိမ်း စစ်တပ်နှင့် စစ်ကောင်စီ ယန္တရား လည်ပတ်ရေးအတွက် ဆောင်ရွက်နေသူ အယောက် ၂၀ သေဆုံးခဲ့ကြောင်း ပဲခူးPDF က ထုတ်ပြန်သည်။

ချင်းပြည်နယ်

  • ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်းရှိ ကျေးရွာများအတွင်းသို့စစ်ကောင်စီမှ ထိုးစစ်ဆင်မှုများကြောင့် မင်းတပ် CDF နှင့် အကြမ်းဖက်စစ်ကောင်စီတို့ တိုက်ပွဲများ တကျော့ပြန်ဖြစ်ပွားလာပြီး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံးကာ ဒေသခံ ရွာသားအများအပြား တောတောင်ထဲ ထပ်မံ တိမ်းရှောင်နေကြ ရသည်ဟု ဒေသခံများမှ ပြောသည်။
  • ချင်းပြည်နယ်၊ မင်းတပ်မြို့ အနောက်တောင်ဘက်ရှိ ကျေးရွာတစ်ခု၏ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ရဲစခန်းတစ်ခုကို ဇူလိုင်လ ၂၄ ရက်နံနက်ပိုင်းတွင် မင်းတပ် CDF တပ်ဖွဲ့မှ ဝင်ရောက် တိုက်ခိုက်ပြီး သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်

  • မွန်ပြည်နယ်၊ ပေါင်မြို့နယ်က ပြည်သူများမှ စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် ဇူလိုင် ၂၄ ရက်က မိုးရေထဲတွင် ဆိုင်ကယ်သပိတ်ပြုလုပ် ဆန္ဒပြခဲ့ကြသည်။
  • သထုံ​မြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာအုပ်စု၊ သမ္ဘာန်ကျေးရွာတွင် ဇူလိုင် ၂၃ ရက်က အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်

  • ရန်ကုန်တိုင်းရှိ ပရဟိတအဖွဲ့များမှ မှာယူထားသည့် ထိုင်းနိုင်ငံမှ တရားဝင် တင်သွင်းလာသည့် အောက်ဆီဂျင် အိုးပေါင်း ၁၃၀ကို ကရင်ပြည်နယ် စကစအဖွဲ့မှ ဗိုလ်မှူးကြီး မျိုးမင်းနောင်ဆိုသူ၏ အမိန့်နှင့် မြဝတီ အမှတ် ၂ တံတားတွင် ယနေ့ နေလည်ပိုင်းက သိမ်းယူသွားကြောင်းသိရသည်။

နေပြည်တော်

  • ကိုဗစ်ရောဂါ ကူးစက်မှု့ ကွင်းဆက်ဖြတ်တောက်နိုင်ရန်အတွက် သြဂုတ် (၁) ရက်အထိ အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် စစ်ကောင်စီ ကြေညာလိုက်သည်။
  • ကိုဗစ် ၁၉ ကူးစက်မြန်ရောဂါ သံသယလက္ခဏာပြ ပြင်းထန်လူနာများကို လတ်တလော လက်ခံစစ်ဆေး မပေးနိုင်သေးကြောင်း  စစ်ကောင်စီလက်အောက်ခံ နေပြည်တော်စည်ပင်သာယာရေး ကော်မတီက ထုတ်ပြန်ထားသည်။
  • ကိုဗစ်(၁၉) တတိယလှိုင်းကူးစက်မှုကို အလူးအလဲခံစားနေရသည့် ပြည်သူများအတွက် လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုတွေ ကိုထိရောက်စွာပေးနိုင်ရန် CDM ပြုလုပ်နေသည့် ကျန်းမာရေး ဝန်ထမ်းများ လုပ်ငန်းခွင်ပြန်ဝင်ရန် အကြမ်းဖက် ခေါင်းဆောင်က ထပ်မံမေတ္တာရပ်ခံလိုက်သည်။

ဇူလိုင် ၂၄ သုံးသပ်ချက်

  • ရန်ကုန် အင်းစိန်ထောင်အတွင်း ဆန္ဒပြမှုက လူထုကြား ရိုက်ခတ်မှုရှိခဲ့ပြီး ညစဉ် ၈နာရီ သံပုံးတီးသည့် သပိတ်များ ပြန်လည်ပြုလုပ်လာသည်ကိုတွေ့ရသည်။စစ်ကောင်စီက အုပ်ချုပ်ရေးရုံးများကို ကိုဗစ် အကျပ်အတည်းကို အသုံးချပြီး အသက်သွင်းနေသည်ကို တွေ့လာရသည်။ယင်းအစီအစဉ်ကြောင့် အောက်စီဂျင်လိုသူများ မိမိအစီအစဉ်ဖြင့် အောက်စီဂျင် ဖြည့်တင်မှုများတွင် ပိုခက်လာနိုင်သည်။
  • မန္တလေးတွင် ပုံမှန် သပိတ်စစ်ကြောင်းများ ဆန္ဒပြမှုများ အရှိန်ကောင်းနေဆဲဖြစ်သည်။ရန်ကုန် အင်းစိန် ထောင်ဆန္ဒပြမှုက မန္တလေးကိုလည်း ရိုက်ခတ်မှုရှိခဲ့ပြီး မန္တလေးသပိတ်စစ်ကြောင်းများကလည်း ရန်ကုန် အင်းစိန်ထောင်မှ နိုင်ငံရေးအကျဉ်းသားများနှင့် တသားတည်းရှိကြောင်း ဆက်လက် ထုတ်ဖော်ပြောဆိုမှုရှိ နေပြီး အိုးဘိုအကျဉ်းထောင်တွင်လည်း အကြမ်းဖက်တပ်များ ဝင်ရောက်တပ်စွဲထားသိကိုတွေ့ရသည်။
  • စစ်ကိုင်းတွင် ဆန္ဒပြမှုများအရှိန်မပြတ်ရှိနေသည်ကို တွေ့ရသည်။ PDF များ၏ တော်လှန်ရေး အရှိန် အဟုန်မြင့်တက်နေသည်ကို တွေ့ရပြီး စစ်ကောင်စီအကြမ်းဖက်တပ်များကလည်း လက်နက်လူသူ အင်အား ထပ်မံချဲ့ထွင်လာသည်ကိုတွေ့ရသည်။တင့်ကားများ လက်နက်များသယ်လာသည့် ရေယာဉ် သည် တရွေ့ရွေ့ အထက်ဘက်သို့ ဆန်တက်လာသည့်အတွက် တော်လှန်ရေးအား ကောင်းနေ သည့် ကသာဘက်မှ PDF များကို ဖြိုခွင်းမည် အနေအထားကို တွေ့ရသည်။
  • ချင်းပြည်နယ်နှင့် ကယားပြည်နယ်များတွင် တကျော့ပြန်တိုက်ပွဲများရှိလာသည့် အတွက် စစ်ပွဲရှောင် ပြည်သူများ ယခုရက်ပိုင်းတွင် တိုးလာနိုင်ဖွယ်ရှိနေသည့်အပြင် တိုက်ပွဲကြီးများ ဖြစ်လာ နိုင်ဖွယ်ရှိ နေသည်။ ကရင်ပြည်နယ် နယ်စပ်ဂိတ်မှာတော့ ပြည်သူများမှာယူထားသည့် အောက်စီဂျင်အိုးများကို စစ်ကောင်စီက လုယူနေသည်ကိုတွေ့ရသည့်အတွက် ရန်ကုန်နှင့် အခြားနေရာများတွင် အောက်စီဂျင် အခက် အခဲ ကြုံတွေ့ရနိုင်သည်။
  • ကျန် ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ဆန္ဒပြမှု မရှိသလောက်နည်းသွားပြီး ရှမ်းပြည်နယ်မှာတော့ ကိုဗစ်ဘေးနှင့် ရေကြီးသည့်ဘေးများကြောင့် အကူအညီများ လိုအပ်နိုင်ဖွယ်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly