ပြည်တွင်း အကျဉ်းထောင်များ၏ လက်ရှိ အခြေအနေများအား အနီးကပ်စောင့်ကြည့်နေဟု ICRC ထုတ်ပြန် 

ပြည်တွင်း အကျဉ်းထောင်များ၏ လက်ရှိ အခြေအနေများအား အနီးကပ်စောင့်ကြည့်နေဟု ICRC ထုတ်ပြန် 

ဇူလိုင် ၂၄

မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးမှ လက်ရှိ အခြေအနေအရပ်ရပ်နှင့် ပတ်သက်ပြီး မကြာသေးခင်က ထွက်ရှိခဲ့သည့် သတင်းအချက်အလက်များကို အနီးကပ်စောင့်ကြည့်နေသည်ဟု အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ ICRC က ဇူလိုင် ၂၄ ရက်တွင် ထုတ်ပြန်သည်။ 

အကျဉ်းထောင်များအပါအဝင် မြန်မာနိုင်ငံအတွင်း မြင့်တက်လာနေသော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုနှင့် သက်ရောက်မှုများကို မိမိတို့အနေဖြင့် အလွန်အမင်း စိုးရိမ်ပူပန်လျက်ရှိသည်ဟု ICRC က ဖော်ပြထားသည်။ 

ကိုဗစ်-၁၉ ကပ်ဘေး စတင်ချိန်ကတည်းက ရပ်နားထားရသော အင်းစိန်ထောင်အပါအဝင် အကျဉ်းထောင်များသို့ လူသားချင်းစာနာထောက်ထားရေး သွားရောက်ကြည့်ရှုခြင်းများနှင့် လှုပ်ရှားဆောင်ရွက်ပေးမှုများအား ပြန်လည်စတင်ဆောင်ရွက်နိုင်ရေးအတွက် အကျဉ်းဦးစီးအာဏာပိုင်များနှင့်လည်း ဆက်လက်ဆွေးနွေးနေသည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။ 

အကျဉ်းထောင်များတွင် ကိုဗစ်-၁၉ နှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ကိုင်တွယ်ဖြေရှင်းရာ၌ ကူညီထောက်ပံ့မှုများ ပေးနိုင်ရေးကို မိမိတို့အနေဖြင့် ထပ်မံ ကမ်းလှမ်းထားကြောင်းလည်း ICRC က ဆိုသည်။ 

ဘက်မလိုက်သော ကြားနေ လွတ်လပ်သည့် အဖွဲ့အစည်းတစ်ရပ်ဖြစ်သည့် ICRC သည် လက်နက်ကိုင်စစ်ပွဲများနှင့် အခြားသော ပဋိပက္ခအခြေအနေများမှ ဘေးဒုက္ခ ခံစားကြုံတွေ့ရသူများ၏ အသက်ရှင်ရပ်တည်ရေးနှင့် ဂုဏ်သိက္ခာတို့အတွက် အကာအကွယ်ပေးခြင်းနှင့် အကူအညီအထောက်အပံ့များ ပေးသည့် အထူးသီးသန့် လူသားချင်းစာနာထောက်ထားရေး မစ်ရှင်အဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly