ကိုဗစ်-၁၉ ကြောင့်အမှန်တကယ်သေဆုံးသူ စာရင်းမှာ စစ်ကောင်စီထုတ်ပြန်ချက်ထက် ပိုမိုများပြားနေဟု ပရဟိတအဖွဲ့ များဆို 

ကိုဗစ်-၁၉ ကြောင့်အမှန်တကယ်သေဆုံးသူ စာရင်းမှာ စစ်ကောင်စီထုတ်ပြန်ချက်ထက် ပိုမိုများပြားနေဟု ပရဟိတအဖွဲ့ များဆို 
ဓာတ်ပုံ - CJ

ဇူလိုင် ၂၄

ရန်ကုန်မြို့တွင် ကိုဗစ်-၁၉ ကြောင့် အမှန်တကယ်သေဆုံးသူအရေအတွက်မှာ စစ်ကောင်စီထုတ်ပြန်ချက်ထက် အဆမတန်များပြားနေသည်ဟု ပရဟိတအဖွဲ့များအပြောအရသိရသည်။

စစ်ကောင်စီ၏ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ချက်များတွင် ကိုဗစ်-၁၉ ကြောင်သေဆုံးသူနှင့်ပတ်သက်၍ ဇူလိုင်လ ၁၀ ရက်နေ့ တွင်  ၇၁ ဦး၊  ဇူလိုင်လ ၁၁ ရက်နေ့တွင်   ၈၂ ဦး၊ ဇူလိုင်လ ၁၂ ရက်နေ့တွင်  ၈၉ဦး ၊ ဇူလိုင်လ ၁၃ ရက်နေ့တွင်  ၁၀၉ဦး၊ ဇူလိုင်လ ၁၄ ရက်နေ့တွင်   ၁၄၅ ဦး၊ ဇူလိုင်လ ၁၅ ရက်နေ့တွင်   ၁၆၅ ဦး၊ ဇူလိုင်လ ၁၆ ရက်နေ့တွင်  ၁၉၀ဦး၊  ဇူလိုင်လ ၁၇ ရက်နေ့တွင် ၂၃၃ဦး ၊ ဇူလိုင်လ ၁၈ ရက်နေ့တွင်  ၂၃၁ ဦး၊ ဇူလိုင်လ ၁၉ ရက်နေ့တွင်   ၂၈၁ ဦး၊ ဇူလိုင်လ ၂၀ ရက်နေ့တွင် ၂၈၆ ဦး၊ ဇူလိုင်လ ၂၁ ရက်နေ့တွင် ၂၄၇ ဦး၊ ဇူလိုင်လ ၂၂ ရက်နေ့တွင်  ၃၁၉ ဦး ၊ ဇူလိုင်လ ၂၃ ရက်နေ့တွင် ၃၂၆ ဦး တို့ဖြစ်သည်ဟု ကြေညာသည်။  

သို့သော် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှိ မီးသဂြိုလ်ရန် ရုပ်အလောင်းများပို့ဆောင်ပေးနေသော ပရဟိတအဖွဲ့များက မြောက်ဥက္ကလာပမြို့နယ်ရှိ ရေဝေးနှင့် လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်သုဿာန်တို့တွင်ပင် ဇူလိုင်လ ၁၀ ရက်နေ့မှ ဇူလိုင်လ ၂၁ ရက်နေ့အထိ နေ့စဉ် ရုပ်အလောင်း ၅၀၀ နှင့် ၆၀၀ ကြား ၊ ရွှေပြည်သာမြို့နယ် ရှိ ကျူချောင်း တွင် ရုပ်အလောင်း ၄၀၀ ဝန်းကျင်ခန့် ၊ ဒဂုံဆိပ်ကမ်းမြို့နယ် ရှိ  ကျီစု ၃၀၀ ဝန်းကျင်ခန့် တို့ သဂြိုလ်ပေးခဲ့ရသည်ဟု ဆိုသည်။

ဓာတ်ပုံ - CJ

ရန်ကုန်မြို့တွင် ပရဟိတကူညီဆောင်ရွယ်ပေးနေသည့် အဖွဲ့ပေါင်း ၂၀၀ ဝန်းကျင်ခန့်ရှိနေပြီး မြို့နယ် တစ်မြို့နယ်လျှင် အဖွဲ့ပေါင်း ၂၀ ဝန်းကျင်ခန့်ရှိနေသည်။ 

ကြည်မြင်တိုင်မှ ပရဟိတတစ်ဖွဲ့တည်းကပင် ဇူလိုင်လ ၁၀ ရက်နေ့တွင် ကိုဗစ်-၁၉ ဖြင့်သေဆုံးသူကို ရေဝေးသုသာန်တွင် သဂြိုလ်ပေးခဲ့သည့် ရုပ်အလောင်း ၁၀၀ ကျော်ရှိသည်ဟုဆိုသည်။ 

“ ကျွန်တော်တို့မိတ်ဖက်အသင်းတွေ ကို လိုက်မေးကြည့်တော့ သဂြိုလ်ပေးတဲ့ နေရာ ငါးနေရာနဲ့ဆို အယောက် ၅၀၀ ကျော်လောက်ရှိမယ် “ ဟု သူက ပြောသည်။

 ပရဟိတအသင်းတစ်ခုမှ ဗော်လံတီယာတစ်ဦးကတော့   “စာရင်းက အတိအကျ ရရှိဖို့ကခက်တယ်ဗျာ။ နေရာလေးခုလုံးမှာ ပရဟိတအသင်းတွေက သယ်ယူပေးတာရှိတယ်။ စည်ပင်ကသယ်ယူပေးတာနဲ့ ဆေးရုံက သယ်ယူပေးတာတွေ ရှိပါတယ်။ နောက် ကားတစ်စီးကို ရုပ်အလောင်းတစ်လောင်းလို့ပဲ တွက်ထားတယ်။ တစ်ချို့ ကားတွေဆို ရုပ်အလောင်း ခုနှစ်လောင်းအထိ ပါလာတဲ့ အသင်းတသင်းရဲ့ကားတောင် ရှိတယ် “ ဟု ပြောသည်။

အင်းစိန်မြို့နယ်မှ ပရဟိတအသင်းတစ်ခုကလည်း “ ကျနော်တို့အသင်းတစ်သင်းတင် တစ်နေ့ကို ရုပ်အလောင်း ၄၀ လောက်ပို့ပေးရတယ်။မိတ်ဖက်အဖွဲ့အစည်းတွေကလည်း အဲဒီနှုန်းလောက်ပဲ။" ဟု ပြောသည်။

ကြည်မြင်တိုင်မြို့နယ်မှ ပရဟိတအဖွဲ့တစ်ခုက “ တစ်နေ့ကို ရုပ်အလောင်း ၄၀ လောက် ကျနော်တို့သယ်ယူပို့ဆောင်ပေးရတယ်။ ခြေကုန်လက်ပန်းကျတဲ့နေ့ဆို ရုပ်အလောင်း၂၀လောက် သယ်ပေးရတယ်။ ဒါကျနော်တို့အသင်း တစ်သင်းပဲ ရှိတယ် “ဟု ပြောသည်။ 

ပရဟိတအဖွဲ့များကသဂြိုလ်ပေးသော သေဆုံးသူများတွင် ကိုဗစ်-၁၉ ကြောင့်သေသူဖြစ်သည်ကို မည်သို့သိပါသလဲဆိုသောမေးခွန်းနှင့်ပတ်သက်၍ “ သေဆုံးလို့ ရုပ်အလောင်းသွားသယ်ရင် ကိုဗစ်ကြောင့် အောက်စီဂျင် ကျလု့ိ သေဆုံးတာ လို့မိသားစု ဝင်တွေက ပြောကြတယ်။ ရာခိုင်နှုန်းအားဖြင့် ၉၀ ရာခိုင်နှုန်းက ကိုဗစ်ကြောင့် သေတာ “ ဟု ပရဟိတအဖွဲ့တစ်ခုကဖြေကြားသည်။

ဓာတ်ပုံ - CJ

အင်းစိန်မြို့နယ်မှ ပရဟိတအဖွဲ့တစ်ခုက “ ကားအရေအတွက် အတိကျမမှန်းနိုင်ဘူး။ ရုပ်အလောင်း သယ်တဲ့ကား က တစ်သင်းကို ၄စီးလောက်အနည်းဆုံးရှိကြတာ  အခုချိန်ကြတော့ လူနာသယ်တဲ့ကားပါ အကုန်ရုပ်အလောင်း သယ်ရတာတဲ့ပုံစံမျို ဖြစ်နေတယ် “ ဟုပြောသည်။ 

ကျန်းမာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်နှင့် မြေပြင်ကူညီရေးသမားများပြောကြားချက်ကွဲလွဲနေသည့်အပေါ် မှတ်ချက်ပေးရာတွင် ကျန်းမာရေးကသတင်းမှားတွေထုတ်ပြန်တာဟု ယတိပြတ်ပြောကြသည်။  

သုသာန်တစ်ခုတွင် အလောင်းများပုံနေသောဓာတ်ပုံများ လူမှုကွန်ရက်တွင်ပြန့်နှံ့ခဲ့သောအခါ စစ်တပ်ပိုင်မြဝတီရုပ်မြင်သံကြားက ဇူလိုင်လ ၁၉ ရက်နေ့ ည ၈ နာရီထုတ်ပြန်ချက်တွင်  ရန်ကုန်မြို့တော်စည်ပင်သာယာရေးဌာနမှူး ဦးချိုထွန်းအောင်ကို ကိုးကား၍  “မြန်မာနိုင်ငံအနှံအပြားတွင်သာမက ရန်ကုန်မြို့နယ်တွင် နေ့စဉ်သေဆုံးမှုမြင့်တတ်နေခဲ့ပြီး လူမှုကွန်ယက် စာမျက်နှာတွင် သဂြိုလ်န် သေဆုံးသည့်ရုပ်အလောင်းများ ပုံနေခြင်းမှာ လိမ်နေခြင်းဖြစ်ကြောင်း “ ဟု ပါရှိသည်။

ဒဂုံဆိပ်ကမ်းမြို့နယ်မှာ ပရဟိတအသင်း က “ ဇူလိုင်လ ၁ ရက်နေ့ကနေ ဇူလိုင်လ ၂၃ ရက်နေ့အထိ ရုပ်အလောင်းပေါင်း ၆၀၀ ကျော်သွားပြီး ။ ကျွန်တော်တော်တို့အသင်းက  ပုံမှန် တစ်လ စာအတွက် သေဆုံးသူစာရင်းသွားရတဲ့စာရင်းကို ၃၀၀ လောက်လုပ်ထားတာ ။ အခု စာရင်းနှစ်ခုနဲ့နောက်စာရင်း တစ်ခုပါ ထပ်ဖွင့်ထားရတယ်။ ဒီလကုန်အထိဆို တစ်ထောင်ကျော်သွားနိုင်တယ်။ တစ်ချို့အသင်းက လူနာတင်ကားတွေပါ ခုံတွေဖြုတ်ထားပြီး။ ရုပ်အလောင်းသယ်တဲ့ကားတွေလုပ်နေရတယ။် ရန်ကုန်တိုင်းထဲမှာ တစ်နေ့ကို နှစ်ထောင်ဝန်းကျင် သေနေကြပြီး  “ ဟု ပြောသည်။ 

မဇ္ဈိမ သတင်းဌာနအနေဖြင့် ရန်ကုန်မြို့တွင် ပရဟိတ ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့များကို မေးမြန်းရာတွင် သေဆုံးသည့် ရုပ်အလောင်းများကို အချိန်မှီ သွားရောက်ယူဆောင်နိုင်ဖို့အတွက် ကြီးမားသည့်အခက်အခဲတစ်ခု ဖြစ်ပေါ်နေပြီး နာရေးအိမ်များမှ နီးစပ်ရာ အိမ်စီးကားများဖြင့် သုဿာန်များကို အချိန်မှီပို့ဆောင်ပေးနေရကြောင်း ပြောဆိုသည်။ 

ဆက်လက်ပြီး ဒဂုံဆိပ်ကမ်းမြို့နယ်က ပရဟိတအသင်းက မှု “မနေ့က အောက်စီဂျင်ရူတယ်။ ဒီနေ့ကြ အောက်စီဂျင် ကြပြီး ဆုံးပါးတယ်။ မြေပြင်မှာက အိမ်တွေမှာဆုံးပါးသွားတဲ့လူတွေကြ ကိုဗစ်ပိုးရှိမရှိ ဘယ်သူမှာမစစ်ဆေး နိုင်တာဖြစ်နေတယ်။ နောက် မီးသဂြိုလ်ဖို့တန်းစီ စောင့်နေရတာ။ ရေဝေး နဲ့ထိန်ပင် တို့မှာ မြေနေရာတွေ ရှိပါတယ်။ မြေတူးပြီး အလောင်းတွေကို မြှပ်ဖို့စီမံသင့်လို့မြင်မိတယ်  “  ဟုပြောသည်။ 

နာရေးကူညီမှု  ပရဟိတဆောင်ရွက်ပေးနေတဲ့ အသင်းက “တစ်နေ့ကိုရုပ်အလောင်း ၇၀ ကျော်လောက် သဂြိုလ်ပေးဖို့လုပ်ဆောင်နေရတယ်။ အသင်းတွေအကုန် ပေါင်းလိုက်ရင် တစ်ရက်ကို ပျမ်းမျှအနေနဲ့ နှစ်ထောက်ကျော်လောက်နေပြီး။ ရုပ်အလောင်း တွေသယ်တဲ့ကားတွေကလည်း လောက်ငမှုမရှိပါဘူး။ ပရဟိတအဖွဲ့တွေက ကားတွေမနိုင်တော့ဘူး။ လမ်းကြောင်းလည်းမနိုင်တော့ဘူးတဲ့အချိန် သူတို့က ကားမရတော့ ကိုယ့်အစီစဉ်နဲ့သယ်ပေါ့ သုသာန် ကလက်ခံတယ်ဆိုရင် ကိုယ်ကားနဲ့ကိုယ့်သယ်လို့ပါလို့ ပြောနေရတယ် “ ဟု ပြောသည်။ 

မြေပြင်တွင်ကူညီလုပ်ဆောင်ပေးနေသည့် ပရဟိအဖွဲ့အနေဖြင့် PPE ဝတ်စုံများ ၊ နှာခေါင်းစီးအကာကွယ်များ နှင့် လက်အိတ်များ လိုအပ်လျက်ရှိနေပြီး လူအင်အားများပြားသည့်အသင်းများအနေဖြင့် တလှည့်စီ အနားပေး ပုံစံဖြင့် ကူညီဆောင်ရွက်ပေးနေရတယ်လို့သိရပါတယ်။ 

လက်ရှိအချိန်တွင် သုဿာန်များတွင် ရုပ်အလောင်းများကို နံနက် ၉နာရီဝန်းကျင်အချိန်ခန့်မှာ ည ၁၀ နာရီဝန်းကျင်အချိန်ထိ မီးသဂြိုလ်ပေးနေတယ်လို့သိရပါတယ်။

ရေဝေး သုဿာန်တွင် မီးသဂြိုလ်စက် ခြောက်လုံး ၊ ထိန်ပင် သုဿာန် တွင်  မီးသဂြိုလ်စက် လေးလုံး ၊ကျီစုတွင် မီးသဂြိုလ် စက် နှစ်လုံး နှင့် ကျူချောင်းတွင် တစ်လုံး တို့ဖြင့် သဂြိုလ်ပေးနေရသည်။ 

ပရဟိတအဖွဲ့များနှင့်မေးမြန်း၍ ကောက်ယူသော စာရင်းတွင် ရန်ကုန်မြို့တိုင်းဒေသကြီးအတွင်းရှိ မှော်ဘီ ၊ လှည်းကူးစသည့်နေရာများမှ သုဿာန်များတွင် နာရေးလုပ်ဆောင်ပေးခဲ့ရသူများ မပါဝင်သေးပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly