မြန်မာစစ်ကောင်စီ၏ ကုလဆိုင်ရာ မြန်မာသံအမတ်သစ်ခန့်အပ်ရန်ကြိုးပမ်းမှု မအောင်မြင်

မြန်မာစစ်ကောင်စီ၏ ကုလဆိုင်ရာ မြန်မာသံအမတ်သစ်ခန့်အပ်ရန်ကြိုးပမ်းမှု မအောင်မြင်

သို့သော်စစ်အစိုးရအာဏာသိမ်းလိုက်ခြင်းကြောင့် နိုင်ငံခြားအစိုးရများအဘို့ သံတမန်အရေးအရ မဖြစ်မနေ ဆောင်ရွက်ရမည့်ကိစ္စများနှင့်ကျင့်ဝတ်အကြားဗျာများနေ

Sebastian Strangio ရေးသည်

ကုလသမဂ္ဂတွင် မြန်မာကိုယ်စားပြု သံအမတ်သစ်ခန့်အပ်ရန် မြန်မာစစ်ကောင်စီက ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း ဇူလိုင် ၂၀ရက်တွင် အေပီသတင်းဌာန (Associated Press ) က ရေးသားဖော်ပြသည်။ ကမ္ဘာ့အဖွဲ့အစည်းကြီးတွင် သံတမန်ရေး အသိအမှတ်ပြုခွင့်ရရန် တိုက်ပွဲဝင်မှုများ ကြီးထွားလာဦးမည့် အရိပ်အယောင်ပြနေသည်။

သတင်းဌာနကရရှိထားသော ကုလအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ် (Antonio Guterres) ထံ မေ ၁၂ ရက်နေ့ ရက်စွဲဖြင့် ပေးပို့ထားသောစာတွင် စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က စစ်အရာရှိဟောင်းဦးအောင်သူရိန်ကို ကုလသံအမတ်သစ်အဖြစ်ခန့်အပ်ပြီးဖြစ်ကြောင်းရေး သားထားသည်။

ပူးတွဲပါစာတွင် ဦးဝဏ္ဏမောင်လွင်က လက်ရှိမြန်မာနိုင်ငံသံအမတ်အဖြစ် အသိအမှတ်ပြုခံထားရဆဲဖြစ်သော ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်က ယင်းအားအပ်နှင်းထားသည့် တာဝန် နှင့်လုပ်ပိုင်ခွင့်ကိုအလွဲသုံးစားပြုလုပ်ခဲ့သည့်အတွက် တာဝန်မှရပ်စဲထားပြီးဖြစ်ကြောင်း ရေးသားထားသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် သံအမတ်ကြီးဦးကျော်မိုးထွန်းသည် ကုလအထွေထွေညီလာခံ၌ စိတ်လှုပ်ရှားဖွယ်မိန့်ခွန်းတရပ်ပြောကြားခဲ့သည်။ ယင်းမိန့်ခွန်း၌ သံအမတ်ကြီးက ၎င်းအနေဖြင့် စစ်ကောင်စီနှင့် လမ်းခွဲလိုက်ပြီဖြစ်ကြောင်းလူသိရှင်ကြားပြောကြားခဲ့ပြီး ‘နိုင်ငံတကာအသိုင်းအဝိုင်းက တတ်နိုင်သမျှ အပြင်းထန်ဆုံးအရေးယူပေးပါရန်’ ပန်ကြားပြောဆိုခဲ့သည်။

စစ်ကောင်စီကို အသိအမှတ်ပြုရေးငြင်းဆိုကြပါရန်လည်းသူက နိုင်ငံအားလုံးကိုတိုက်တွန်းပြောကြားခဲ့သည်။ သူ၏ထိုသို့ပြောဆိုချက်ကို ကုလအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန် ခရစ်စတင်း ရှာရ နာ ဘာဂနာ (Christine Schraner Burgener) အပါအဝင် လူ့အခွင့်အရေးအဖွဲ့များကလည်း ထောက်ခံခဲ့သည်။

သံတမန်များက ‘ရဲရင့်’  ပြီး ‘သတ္တိရှိသည်’ မိန့်ခွန်းဟု ချီးကျူးပြောဆိုခဲ့ကြသည့် ဦးကျော်မိုးထွန်းမိန့်ခွန်း ပြောအပြီးနောက်တရက်တွင်ပင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ စစ်ကောင်စီက သံအမတ်ကြီးကို သူ့ရာ ထူးမှထုတ်ပယ်ခဲ့သည်။ သူ့နေရာတွင် သူ့လက်ထောက်ကိုအစားထိုးခန့်အပ်ခဲ့သည်။ သို့သော်ဦးကျော်မိုးထွန်းက ထွက်ခွာသွားရန်ငြင်းဆန်ခဲ့သည်။ မေလနေ့စွဲနှင့်ရေးသားထားသော မြန်မာနိုင်ငံခြားရေးဝန်ကြီး၏ စာကို  မည်သည့်အရေးယူဆောင်ရွက်မှုမှ မပြုလုပ်ရသေးကြောင်း အေပီသတင်းဌာနကရေးသားထားသည်။ ကုလ သမဂ္ဂ၏စည်းမျဉ်းအရ ကိုယ်စားလှယ်တဦး၏ခန့်အပ်လွှာကို စိန်ခေါ်ခြင်းခံရလျှင် ကုလအထွေထွေညီလာခံက ရုပ်သိမ်းကြောင်း မဆုံးဖြတ်မချင်း မူလကိုယ်စားလှယ်၏ အခွင့်အရေးများကို ဆက်လက်ထိန်းသိမ်းထား နိုင်မည်ဖြစ်သည်။

ဤသို့ကုလစည်းမျဉ်းက ဦးကျော်မိုးထွန်းကိုသူ့ရာထူးတွင် ဆက်လက် နေခွင့်ပေးထားသော်လည်း ယူနိုက် တက်ကင်းဒမ်း (UK) ဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းမှာမူ ရာထူးမှဖယ်ရှားခံရသော အစိုးရကို ဆက် လက်သစ္စာရှိကြောင်းပြောဆိုခဲ့ပြီးနောက် လန်ဒန်ရှိသံရုံးကို သူ့လက်ထောက်နှင့်စစ်သံမှူးဖြစ်သူက သော့ခတ်ပိတ်ထားလိုက်ပြီး ဝင်ခွင့်မပေးဘဲထားခဲ့သည်။

ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီး ဒိုမစ်နစ်ရပ်ဗ် (Dominic Raab) ထိုသို့ ‘စစ်အစိုးရ၏ နိုင့်ထက်စီးနင်းလုပ်ရပ်’ ကို ရှုတ်ချပြောဆိုခဲ့သော်လည်း ဗြိတိသျှအစိုးရက စစ်အစိုးရ၏ သံအမတ်ပြောင်းလဲခန့်အပ်မှုကိုလက်ခံခဲ့သည်။ ထိုသို့လုပ်ခဲ့ရသည်မှာ အခိုင်အမာရှိနေပြီးဖြစ်သော သံတမန်စံသတ်မှတ်ချက်များကြောင့်ဖြစ်သည်။ သံတမန်ဆိုင်ရာဗီယင်နာကွန်ဗင်းရှင်းအရ လက်ခံထားသည့်နိုင်ငံကို အကြောင်းကြားပြီးသည်နှင့်တပြိုင်နက် အဆိုပါသံတမန်၏ အလုပ်မှာတရားဝင်ရပ်စဲသွားပြီဖြစ်သည်။ ယူကေနိုင်ငံခြားရေးရုံးကလည်း ထိုသို့ အကြောင်းကြားစာကို လက်ခံရရှိပြီးဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။ “သူတို့အနေနှင့်မြန်မာစစ် အစိုးရ၏ဆုံးဖြတ်ချက်ကို လက်ခံရမည်ဖြစ်ကြောင်း” လည်းပြောကြားခဲ့သည်။

အာဏာသိမ်းမှုကိုအတိအလင်းရှုတ်ချခဲ့ပြီး စစ်ခေါင်းဆောင်များ နှင့် ၎င်း၏ အစိုးရအကြီးတန်းအဖွဲ့ဝင်များကို ဒဏ်ခတ်ပိတ်ဆို့မှုများပြု လုပ်ခဲ့သည့် ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်၏ ကွန်ဆာဗေးတစ်အစိုးရကလည်း ယခင်တိုက်လေယဉ်မှူး ဖြစ်ခဲ့သူသံအမတ်သစ် ဦးထွန်းအောင်ကျော်၏ ခန့်အပ်လွှာကို လက်ခံအသိအမှတ်ပြုသလား မပြုဘူးလား ဆိုသည်ကို ဘာမှမပြောမဆိုသေးဘဲ ရေငုံနှုတ်ပိတ်၍နေသည်။

ထိုအကြောင်းအရာကို အတိုက်အခံ၏အရိပ်အစိုးရ နိုင်ငံခြားရေးနှင့်ဓနသဟာယရေးရာဝန်ကြီး စတီဖင် ကင်းနော့ (Stephen Kinnock) က လွှတ်တော်တွင် ဂျူလိုင်လ ၁၉ ရက်နေ့က စာဖြင့်ရေးသားပြီး သံအမတ်သစ် ဦးထွန်းအောင်ကျော်ကို အစိုးရကအသိအမှတ်ပြုပြီးဖြစ်သလားဟု မေးမြန်းခဲ့သည်။ အစိုးရ၏ နိုင်ငံခြားရေး၊ ဓနသဟာယ နှင့် ဖွံ့ဖြိုးရေးဝန်ကြီး နိုင်ဂျယ်အဒမ် (Nigel Adams) က “မိမိတို့အနေနှင့် အသိအမှတ် ပြုရန်တင်ပြလာသည့်အကြောင်းအရာများကို သီးသန့်ကိစ္စတခုအပေါ်ဆွေးနွေးလေ့မရှိပါ” ဟုသာ ဖြေကြားခဲ့ပြီး အသေးစိတ်ဖြေဆိုရန်ငြင်းဆန်ခဲ့သည်။

ဘီဘီစီ သံတမန်ရေးသတင်းထောက် ဂျိမ်းစ်လန်ဒေးလ် (James Landale) က ဤအခြေအနေသည် ဗြိတိသျှ အစိုးရကို ဘေးကျပ်နံကျပ်ဖြစ်စေသည်ဟု ဧပြီလကရေးသားခဲ့သည်။ ဗီယင်နာကွန်ဗင်းရှင်းအရ သံအမတ် ဟောင်း ဦးကျော်စွာမင်းကို ရာထူးမှဖယ်ရှားလိုက်ပြီးဖြစ်သည်ဟု လက်ခံခဲ့လျှင် ‘မြန်မာနိုင်ငံတွင်စစ်ကောင်စီ၏ အုပ်ချုပ်မှုကို သွယ်ဝိုက်၍လက်ခံရာရောက်သည်ဟူသော စွပ်စွဲချက်ကိုရင်ဆိုင်ရလိမ့်မည်။’ ယင်းကို ဗြိတိသျှအစိုးရကလည်းမလုပ်လိုပေ။ သူ့နေရာအစားထိုးသူကို လက်ခံခဲ့လျှင်လည်း အလားတူစွပ်စွဲချက်ကို ရင်ဆိုင်ရမည်ပင်ဖြစ်သည်။

အခိုင်အမာရှိပြီးဖြစ်သော သံတမန်ရေးဆိုင်ရာ ထုံးတမ်းစဉ်လာများနှင့် လက်ရှိအစိုးရကိုအသိအမှတ်ပြုရသည့် ကျင့်ဝတ်တို့အကြား ပဋိပက္ခအပြင် နောက်ထပ်ပိုမိုနက်ရှိုင်းသည့် ဘေးကျပ်နံကျပ်အခြေအနေလည်း ရှိသေးသည်။ အနောက်တိုင်းအစိုးရများသည် စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ကြသော်လည်း မြန်မာနိုင်ငံ၏ တရားဝင်အစိုးရဖြစ်သော အတိုက်အခံ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တရားဝင်အသိအမှတ်ပြုပြီး ချောက်ကျရမည့်အရေးကိုလည်းမလိုလားကြပေ။

ယင်းသည် စစ်ကောင်စီအနေဖြင့် မည်သို့ပင်လူထု၏ဆန့်ကျင်မှုကိုခံရစေဦး ဗဟိုနိုင်ငံတော်ယန္တရားများကို ထိန်းချုပ်ထားနိုင်ပြီး NUG အစိုးရမှာမူ နှစ်ပေါင်းများစွာကြာမြင့်မည့် နိုင်ငံအနှံ့ပြည်တွင်းစစ်သော်လည်းကောင်း ပြင်ပ စစ်ရေးစွက်ဖက်မှုသော်လည်းကောင်း မပါဘဲ အာဏာရနိုင်မည်ကိုသံသယရှိနေသည့် အချက်ကို ရောင်ပြန်ဟပ်ဖော်ပြနေသည်။

ဤအခြေအနေတွင် မြန်မာနိုင်ငံတွင်းသံတမန်ရေးအရ ကိုယ်စားပြုမှုကို ဆုံးရှုံးရမည့်အရေးအပေါ် လက်တွေ့ကျသည့် အကျိုးသင့်အကြောင်းသင့်ဆွေးနွေးပြောဆိုမှုမျိုးမရှိပေ။ (ကျင့်ဝတ်ပိုင်းအရသာပြောဆိုခြင်းမျိုးရှိသည်) သံရုံးတခုခုက NUG အစိုးရကိုအသိအမှတ်ပြုလိုက်လျှင် စစ်အစိုးရကလည်း အဆိုပါသံရုံးကိုသေချာပေါက် နိုင်ငံတွင်းမှမောင်းထုတ်လိုက်မည်သာဖြစ်သည်။ အထူးသဖြင့် ယခုကဲ့သို့ ကိုဗစ်-၁၉ ရောဂါအကြီးအ ကျယ်ပျံ့နှံ့ဖြစ်ပွားလာသည့် အခြေအနေမျိုးတွင် လူသားချင်းစာနာသည့်အကူအညီ အရေးပေါ်အခြေအနေများ ပေါ်ပေါက်လာသည်။ ထိုသို့သောအခြေအနေမျိုးတွင် အရေးပါသည့်အကူအညီကိုပေးအပ်နိုင်ရန် စစ်အစိုးရ နှင့် လက်တကမ်းအကွာခပ်ခွာခွာပင်ဖြစ်စေ မလွှဲမရှောင်သာဆက်ဆံဖို့ လိုအပ်သည်။ ကျန်ရှိနေသေးသည့် အကောင်းဆုံးရွေးလမ်းမှာ NUG နှင့်အတိုက်အခံများကို တနည်းနည်းနှင့်ဆက်ဆံပြီး ပြင်းထန်သည့်သတင်း စကားပါးရန်ဖြစ်သည် သို့သော် တရားဝင်အသိအမှတ်ပြုမှုတော့မဟုတ်ပေ။

The Diplomat မဂ္ဂဇင်း ဇွန်လထုတ်တွင် ကျနော်ပြောခဲ့သည့်အတိုင်းပင် ဤအငြင်းပွားမှုများကို မကြာမီ ဖြေရှင်းနိုင်လိမ့်မည်။ အနည်းဆုံး သဘောတရားရေးအားဖြင့် ကုလအထွေထွေညီလာခံကိုယ်စားလှယ်စိစစ် ရေးကော်မတီတွင် ဆုံးဖြတ်ဖြေရှင်းနိုင်မည်ဖြစ်သည်။ ဤ ၉ နိုင်ငံပါအဖွဲ့သည် သံတမန်များကိုအသိအမှတ် ပြုရေးတွင် တာဝန်ခံအဖွဲ့ပင်ဖြစ်သည်။

ဤကော်မတီသည် နောက်လတွင်ယင်းတို့၏ နှစ်ပတ်လည်အစည်းအဝေးကို ကျင်းပမည်ဖြစ်သည်။ ဤကော်မ တီသို့ မြန်မာနိုင်ငံက ဤကိစ္စတင်သွင်းလာခဲ့လျှင် (ဤသို့ဖြစ်ဖို့လည်းများသည်) ဆွေးနွေးမှုများမှာ အကြိတ်အနယ်ရှိမည်ဖြစ်သည်။ လက်ရှိအဖွဲ့ဝင်များထဲတွင် အမေရိကန်ပြည်ထောင်စုပါဝင်သည်။ အမေရိကန်က စစ်အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ထားသည်။ တရုတ်နှင့်ရုရှ တို့ကမူ အသိအမှတ်ပြုရန်ဆုံး ဖြတ်ထားပြီး စစ်အစိုးရသစ်နှင့်လက်တွဲလုပ်ကိုင်သွားမည်ဖြစ်သည်။ ကုလကော်မတီက မည်သို့ပင်ဆုံးဖြတ် သည်ဖြစ်စေ၊ အကယ်၍ ပြတ်ပြတ်သားသား အပြီးအပြတ်ဆုံးဖြတ်ချက်ချခဲ့လျှင် ထိုဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံ၏ ဘယ်ဘက်ကမှလျှော့ဖွယ်မရှိသည့် အကြပ်အတည်းအတွင်း ရန်စောင်တိုက်ခိုက်နေသော ဘက်နှစ်ဘက်အကြား မည်သို့ရွေးချယ်ဆက်ဆံရမည်ဆိုသည်ကို နိုင်ငံခြားအစိုးရများအားဆုံးဖြတ်ပေးလိမ့် မည်ဖြစ်သည်။

စာရေးသူသည် The Diplomat မဂ္ဂဇင်း၏အရှေ့တောင်အာရှရေးရာ အယ်ဒီတာဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly