တောမီးလောင်တာတွေ တားဆီးနိုင်ဖို့ ကယ်လီဖိုးနီးယား ကုမ္ပဏီက ဓာတ်အားလိုင်း မိုင် ၁၀၀၀၀ ကို မြေအောက် မြုပ်နှံမယ်

တောမီးလောင်တာတွေ တားဆီးနိုင်ဖို့ ကယ်လီဖိုးနီးယား ကုမ္ပဏီက ဓာတ်အားလိုင်း မိုင် ၁၀၀၀၀ ကို မြေအောက် မြုပ်နှံမယ်
Photo - AFP

ဇူလိုင် ၂၃

ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ အကြီးဆုံး စွမ်းအင်ဝန်ဆောင်မှု ကုမ္ပဏီအနေနဲ့ လူသေဆုံးရမှုတွေများတဲ့ တောမီးလောင်တာတွေကို တားဆီးနိုင်ဖို့  ကြီးမားတဲ့ ကြိုးပမ်းမှုအဖြစ် လျှပ်စစ်ဓာတ်အားလိုင်း မိုင် ၁၀၀၀၀ ကို မြေအောက် မြုပ်နှံသွားတော့မှာဖြစ်ကြောင်း ကုမ္ပဏီရဲ့ စီအီးအိုဖြစ်သူက ပြောပါတယ်။ 

Pacific Gas and Eletric ကုမ္ပဏီရဲ့ ချွတ်ယွင်းချက်ရှိတဲ့ ဓာတ်အားလိုင်းတွေကြောင့် ၂၀၁၈ ခုနှစ်အတွင်းက ပြည်နယ်ရဲ့ သမိုင်းမှာ လူသေဆုံးမှု အများဆုံး တောမီးလောင်မှု ဖြစ်ခဲ့ပြီး အဲဒီ တောမီးဟာ မြောက်ပိုင်း ပရာဒိုက်စ်မြို့အနှံ့ ကူးစက်လောင်ကျွမ်းခဲ့ရာမှာ လူပေါင်း ၈၆ ဦး သေဆုံးခဲ့ရပါတယ်။ 

ကယ်လီဖိုးနီးယားပြည်နယ်မှာ လက်ရှိမှာလည်း အကြီးဆုံးထဲ တစ်ခုအပါအဝင်ဖြစ်တဲ့ တောမီး လောင်ကျွမ်းလျက်ရှိနေပြီး PG&E ကုမ္ပဏီရဲ့ power conductor ပေါ် သစ်ပင်လဲကျရာကနေ စတင် လောင်ကျွမ်းခဲ့တာကြောင့် ကုမ္ပဏီက သုံးစွဲတဲ့ လျှပ်စစ်ပစ္စည်းတွေကြောင့် တောမီးလောင်ရတယ်လို့ ဒီ သီတင်းပတ်မှာ အပြစ်ပြောဆိုမှုတွေ ရှိလာခဲ့တာပါ။ 

ဓာတ်အားလိုင်းတွေ မြေအောက် မြုပ်နှံမယ့် လုပ်ငန်းစဉ်ကို ကြေညာရာမှာ စီအီးအိုဖြစ်သူ ပတ်တီပေါ့ပေးက အခု တောမီးကြောင့် ‘စိတ်နှလုံး ထိခိုက်ရတာမို့’ အခုလို ဓာတ်အားလိုင်းတွေကို မြေအောက် မြုပ်နှံမယ့် စီမံချက်ကို ချမှတ်ရတာပဲ ဖြစ်တယ်လို့ ပြောပါတယ်။ 

“ကျွန်တော်တို့ ပြည်နယ်သမိုင်းမှာ အကြီးဆုံး အခြေခံအဆောက်အအုံ စီမံကိန်းတွေထဲက တစ်ခုကို ဖော်ဆောင်လုပ်ကိုင်ဖို့ ဒီကနေ့မှာ ကျွန်တော်တို့ ကတိပြုပါတယ်”လို့ သတင်းစာရှင်းလင်းပွဲမှာ ပေါ့ပီးက ဆိုပါတယ်။ 

အခု စီမံကိန်းအတွက် ဆယ်နှစ်လောက် အချိန်ယူရမှာ ဖြစ်ပြီး ဒေါ်လာ ဘီလီယံများစွာ ကုန်ကျမှာပဲ ဖြစ်ပါတယ်။ အရင်ကလည်း ကုမ္ပဏီအနေနဲ့ ဓာတ်အားလိုင်းတွေကို မြေအောက် မြုပ်နှံတာတွေ လုပ်ဆောင်ခဲ့ပေမယ့် အခုလောက်ထိ အတိုင်းအတာ မကျယ်ပြန့်ခဲ့ပါ။ 

ဗို့အားမြင့် ဓာတ်အားလိုင်းတွေဝန်းကျင်မှာ မြေပြင်ရှင်းရှင်းလင်းလင်း မရှိတာတွေကြောင့် မကြာသေးတဲ့နှစ်တွေအတွင်း အကြီးအကျယ် တောမီးလောင်တာတွေ ဖြစ်ရတာလို့ အပြစ်ဆိုနေကြတာပဲ ဖြစ်ပေမဲ့ ပြီးခဲ့တဲ့နှစ် စံချိန်တင် တောမီးလောင်မှုတွေမှာ တစ်ချို့က မိုးကြိုးပစ်ရာကနေ လောင်ကျွမ်းခဲ့ကြတာပါ။ 

ကုမ္ပဏီအနေနဲ့ တောမီး ပြန့်နှံ့လောင်ကျွမ်းမှုကို တားဆီးနိုင်ဖို့ ပူပြင်းပြီး လေထန်တဲ့ အခြေအနေတွေမှာ ကြိုတင် မီးဖြတ်တာတွေကို မကြာသေးတဲ့နှစ်တွေက လုပ်ဆောင်ခဲ့ပါတယ်။ 

ဒါပေမဲ့ ကုမ္ပဏီရဲ့ ၂၀၁၉ ခုနှစ်အတွင်း လူတွေ သိပ်သဘောမတွေ့တဲ့ အဲဒီလို လုပ်ဆောင်မှုတွေရဲ့ အတိုင်းအတာနဲ့ ပတ်သက်ပြီး ပြည်နယ်အုပ်ချုပ်ရေးမှူး ဂါဗင်နယူးဆွမ်းက ပြင်းပြင်းထန်ထန် ဝေဖန်ကာ PG&E ကုမ္ပဏီဟာ ‘ဂရုတစိုက် မရှိခြင်း’ နဲ့ ‘စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း’‌ တွေကို  ဆယ်စုနှစ်တွေများစွာ လုပ်ဆောင်လာခဲ့တယ်လို့ အပြစ်ပြောဆိုခဲ့ပါတယ်။ 

တောမီး ကူးစက်ခဲ့တဲ့ ပရာဒိုက်စ်မြို့ သဘာဝဘေးဟာ လျှပ်စစ်ဝန်ဆောင်မှု ပစ္စည်းတွေကြောင့် ဖြစ်ရတယ်ဆိုတာကို PG&E ကုမ္ပဏီဟာ ဝန်ခံခဲ့သလို ဒေဝါလီခံရမယ့်အဖြစ်ကနေ ကာကွယ်ဖို့အတွက် ၂၀၁၉ ဇန်နဝါရီမှာ တရားရုံးလျှောက်ထားချက် တင်ခဲ့ရတာလည်း ဖြစ်ပါတယ်။ 

တောမီးကြောင့် ဆုံးရှုံးနစ်နာခဲ့ရတဲ့ စရိတ်အပြင် တောမီး ငြိမ်းသတ်ရေး ကုန်ကျစရိတ်နဲ့ လျှပ်စစ်ပစ္စည်း ထိန်းသိမ်းစရိတ်တွေကိုပါ ပေးဆပ်ဖို့ စည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့နဲ့ ကုမ္ပဏီဟာ သဘောတူခဲ့ရပါတယ်။ 

ကယ်လီဖိုးနီးယားပြည်နယ်မှာ အခုနှစ်ရဲ့ လက်ရှိအထိ ဧက ၃၀၀၀၀၀ ကျော် တောမီးလောင်ကျွမ်းနေပြီး ခေတ်သစ်ပြည်နယ်သမိုင်းမှာ တောမီးကြောင့် ဆုံးရှုံးရမှု အဆိုးဝါးဆုံး နှစ် ဖြစ်နေပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly