ကယားပြည်နယ်အတွင်း တိုက်ပွဲကြောင့် စစ်ဘေးရှောင် ‌၃၄၀၀ ကျော်ရှိလာပြီး ရိက္ခာလုံလောက်မှုမရှိသည့် အခြေအနေဖြစ်လာနိုင်

ကယားပြည်နယ်အတွင်း တိုက်ပွဲကြောင့် စစ်ဘေးရှောင် ‌၃၄၀၀ ကျော်ရှိလာပြီး ရိက္ခာလုံလောက်မှုမရှိသည့် အခြေအနေဖြစ်လာနိုင်
ဓာတ်ပုံ-PKPF

ဇူလိုင် ၂၂

ကယားပြည်နယ်(ကရင်နီ)အတွင်း တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့တာသောကြောင့် ရွာနှစ်ရွာထပ်မံတိုးလာ၍ လက်ရှိဘောလဲမြို့နယ်အတွင်း စစ်ဘေးရှောင်ဦးရေ ၃၄၄၁ ဦး ဖြစ်လာသောကြောင့် ရိက္ခာလုံလောက်မှုမရှိသည့်အနေအထားဖြစ်လာနိုင်ကြောင်းစစ်ဘေးရှောင်ကူညီကယ်ဆယ်ရေးတာ၀န်ခံတစ်ဦးကမဇ္ဈိမကိုပြောသည်။ 

"ရွာနှစ်ရွာကနေ လူ ၉၀၀ ထပ်တိုးလာတာပါ။ စုစုပေါင်း ၃၄၄၁ ဦးပါ။ အခုက ပြေးလာတဲ့အထဲမိန်းကလေးပိုများတယ်။ ရိက္ခာက‌လဲ ၃ ရက်လောက်အထိတောင့်ခံ‌နိုင်ပေမယ့် မလုံလောက်လို့ရေရှည်မှာရိက္ခာပြတ်သွားနိုင်တဲ့အတွက်ရိက္ခာလိုအပ်ချက်တွေရှိနေပါတယ်"ဟု၎င်းကပြောသည်။

 

ဓာတ်ပုံ-PKPF
လက်ရှိတွင် ယင်းစစ်ဘေးရှောင်များအနက် ကိုယ်၀န်ဆောင်အမျိူးသမီးများ၊ သက်ကြီးရွယ်အိုနှင့်ကလေးငယ်များအတွက်လိုအပ်သည့် ဆေးဝါးဆိုင်ရာပစ္စည်းများ၊ ရာသီဥတုကြောင့်မိုးယိုသည့်အတွက် အမိုးအကာများလည်းလိုအပ်နေကြောင်းစစ်ရှောင်တာ၀န်ခံများကဆိုသည်။ 

လက်ရှိအနေအထားအရ တိုက်ပွဲခေတ္တငြိမ်နေသော်လည်း အကြမ်းဖက်စစ်ကောင်စီဘက်မှ နန်းဖဲ၊ကလိလျား တောခူအုပ်စု ရွာခံများအားစစ်ဆေးခြင်း၊ အဆိုပါကျေးရွာများသို့ယခင်ရက်များက လက်နက်ကြီးများဖြင့်ထိုးစစ်ဆင်ပစ်ခတ်ခြင်းကြောင့် နောက်ပိုင်းထပ်မံပြုလုပ်မည်ဆိုပါက စစ်ဘေးရှောင်စခန်းများအတွက်စိုးရိမ်ဖွယ်ရာရှိကြောင်း တောခူရွာဒေသခံတစ်ဦးကပြောသည်။ 

ဓာတ်ပုံ-PKPF

"စစခြင်းတိုက်ပွဲဖြစ်တဲ့ရက်ကဆို လက်နက်ကြီးနဲ့ အလုံး ၅၀ လောက်ထုတယ်၊ ၁၆ ရက်ကနေ ၁၉ အထိတောက်လျှောက်လက်နက်ကြတွေနဲ့ရွာဘက်တွေကိုပစ်ပြီးလမ်းကြောင်းရှင်းတယ်၊ဘေးပတ်၀န်းကျင်ရွာ‌တွေထိလက်နက်ကြီးတွေကျ တော့ရွာထဲကလူတွေအကုန်ကြောက်လန့်ပြီးပြေးကုန်တာ။အဲ့ဒီအတွက်စစ်ကောင်စီဘက်ကဆက်ပြီးလုပ်ရင် IDP Camp(စစ်ဘေးရှောင်စခန်း)တွေကိုလက်နက်ကြီးတွေကျနိုင်တဲ့အတွက်စိုးရိမ်ဖွယ်ရာရှိတယ်"ဟု ၎င်းကပြောသည်။ 

လက်ရှိအခြေအနေမှာ ယမန်နေ့ ဇူလိုင်လ ၂၁ ရက်နှင့် ယနေ့အချိန်အထိတိုက်ပွဲများ ခေတ္တငြိမ်သက်နေ၍ အကြမ်းဖက်စစ်ကောင်စီဘက်မှ နန်းဖဲနှင့်ကလိလျားကျေးရွာတွင် ခန့်မှန်း စစ်အင်အား ၂၀၀ မှ ၃၀၀ ၀န်းကျင်နှင့် တောခူရွာဘက်တွင် အင်အား ၈၀ မှ ၁၀၀ ၀န်းကျင်ကြားရှိသည့် တပ်ရင်းများတပ်စွဲထားကြောင်း အဆိုပါဒေသခံများ၏ပြောကြားချက်အရသိရသည်။ ‌ 

ဓာတ်ပုံ-PKPF

အကြမ်းဖက်စစ်ကောင်စီ၏ နယ်မြေကျူးကျော်ထိုးစစ်ဆင်မှုကြောင့် ကယား(ကရင်နီ)ပြည်နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီတပ်မတော် (KA) ၊ ကရင်အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ပူးပေါင်းတပ်ဖွဲ့ တို့သည် ဇူလိူင်လ ၁၂ ရက်တွင် ဘောလခဲမြို့နယ်၊နန်းဖဲကျေးရွာအနီးတွင်တိုက်ပွဲဖြစ်ခဲ့ရာ ယမန်နေ့ ဇူလိုင်လ ၂၀ ရက်အထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်းသိရသည်။ 

မဇ္ဈိမအနေဖြင့် တိုက်ပွဲအခြေအနေ နောက်ဆက်တွဲများအား စုံစမ်းမေးမြန်းရန် KNDF တပ်ဖွဲ့သို့ဆက်သွယ်၍မရသေးသဖြင့် ထပ်မံဆက်သွယ်ရန်ကြိုးစားနေဆဲဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly