အိန္ဒိယဓာတ်ပုံဂျာနယ်လစ် ဒါနစ် ဆစ်ဒီကွီ အာဖဂန်နစ္စတန်တွင် သေဆုံး

အိန္ဒိယဓာတ်ပုံဂျာနယ်လစ် ဒါနစ် ဆစ်ဒီကွီ အာဖဂန်နစ္စတန်တွင် သေဆုံး

ပူလစ်ဇာဆုရ အိန္ဒိယဓာတ်ပုံဂျာနယ်လစ် ဒါနစ် ဆစ်ဒီကွီ သည် အာဖဂန်နစ္စတန်တွင် အသတ်ခံခဲ့ရသည်ဟု အိန္ဒိယနိုင်ငံဆိုင်ရာ အာဖဂန်နစ္စတန်သံအမတ်ကြီးက အတည်ပြု ပြောကြားခဲ့သည်။

အိန္ဒိယဆိုင်ရာ ရိုက်တာသတင်းဌာန၏ ဓာတ်ပုံဌာန အကြီးအကဲဖြစ်သော အသက် ၄၁ နှစ်အရွယ် ဒါနစ် ဆစ်ဒီကွီ သည် အာဖဂန်တွင် တာဝန်ထမ်းဆောင်စဉ် သေဆုံးသွားခြင်းဖြစ်သည်။

ပါကစ္စတန်နှင့် အရေးပါသော နယ်စပ်စခန်းတစ်ခုအနီးတွင် အာဖဂန်တပ်ဖွဲ့များ၏ ယာဉ်တန်းဖြင့် လိုက်ပါလာစဉ် တာလီဘန်များက ခြုံခိုတိုက်ခိုက်ခြင်း ဖြစ်သည်။ ယင်းတိုက်ခိုက်မှုတွင် သေဆုံးသူ မည်မျှရှိသည်ကို အတိအကျ မသိရသေးပေ။

အိန္ဒိယနိုင်ငံဆိုင်ရာ အာဖဂန်နစ္စတန်သံအမတ်ကြီး ဖာရစ်မာမန်ဒေးက "သူငယ်ချင်းတစ်ယောက် သတ်ဖြတ်ခံရသည့်” သတင်းကြောင့် အလွန်စိတ်မကောင်း ဖြစ်ခဲ့ရသည်ဟု ပြောကြားခဲ့သည်။

အိန္ဒိယဓာတ်ပုံဂျာနယ်လစ် ဒါနစ် ဆစ်ဒီကွီသည် မွန်ဘိုင်းမြို့တွင် အခြေစိုက်ပြီး ရိုက်တာတွင် လုပ်ကိုင်နေသည်မှာ ဆယ်စုနှစ်တစ်ခုကျော်နေပြီ ဖြစ်သည်။

၂၀၁၈ခုနှစ်တွင် သူသည် မှတ်တမ်းဓာတ်ပုံများကြောင့် ပုလစ်ဇာဆုရရှိခဲ့သည်။ မြန်မာပြည်ရှိ လူနည်းစု ရိုဟင်ဂျာ အသိုင်းအဝိုင်းကြုံတွေ့နေရသော အကြမ်းဖက်မှုများကို မှတ်တမ်းတင်ခြင်းအတွက် သူသည် လုပ်ဖော်ကိုင်ဖက် အဘီဒီအပါအဝင် အခြား ၅ ဦးတို့နှင့် အတူ ယင်းဆုကို ရရှိခဲ့ခြင်းဖြစ်သည်

မကြာသေးမီက အိန္ဒိယနိုင်ငံတွင် ကိုဗစ်ဒုတိယလှိုင်း ကူးစက်မှုအမြင့်ဆုံးရောက်ချိန်တွင် လူအများအပြားကို အစုလိုက်အပြုံလိုက် သင်္ဂြိုလ်သည့် ဖြစ်ရပ်များအား ရိုက်ကူးခဲ့သည့် ၎င်း၏ ဓာတ်ပုံများသည် အလွန်ထင်ရှားခဲ့ပြီး တစ်ကမ္ဘာလုံးက အသိအမှတ် ပြု ချီးမွမ်းခဲ့ကြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required