တရုတ်သို့ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးရေးအဖွဲ့ စေလွှတ်၍ ဓာတ်ခွဲခန်းများကို စစ်ဆေးရန် wHO အဆိုပြု

တရုတ်သို့ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးရေးအဖွဲ့ စေလွှတ်၍ ဓာတ်ခွဲခန်းများကို စစ်ဆေးရန် wHO အဆိုပြု

ကိုရိုနာဗိုင်းရပ်စ်ပိုး၏ မူလဇစ်မြစ်အား စုံစမ်းမည့် ဒုတိယအဆင့်တွင် တရုတ်နိုင်ငံအတွင်း ပိုမို စုံစမ်းစစ်ဆေးမှု များနှင့် ဓာတ်ခွဲခန်းမှတ်တမ်းစာရင်းများ ပါဝင်သင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အဆိုပြုလိုက်သည်။

ဇူလိုင် ၁၆ ရက်က ကျင်းပခဲ့သည့် အဖွဲ့ဝင်နိုင်ငံများ၏ တံခါးပိတ်အစည်းအဝေးတွင် WHO အကြီးအကဲ တက်ဒရော့စ် အဓါနွမ်ဂီဘရီ ယေးဆပ်စ်က ဒုတိယအဆင့် စုံစမ်းစစ်ဆေးမှုအတွက် ဦးစားပေးအချက် ၅ ချက်ကို တင်ပြခဲ့သည်။

ယင်းအချက်များတွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက လူသားတို့အား ရောဂါစတင်ကူးဆက်သည် နယ်မြေအတွင်းမှ ဓာတ်ခွဲခန်းများနှင့် သုတေသနဌာနများ၏ စာရင်းဇယားများကို စစ်ဆေးကြည့်ရှုရန်လည်း ပါဝင်ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။

SARS CoV-2 ဗိုင်းရပ်စ် ပျံ့နှံ့ကြောင်း အစောဆုံး အထောက်အထားတွေ့ရှိသည့် နေရာများကိုလည်း ဦးစားပေး လေ့လာခြင်းကိုလည်း စုံစမ်းသူများက အဓိကအာရုံစိုက်ရန် လိုအပ်သည်ဟု ၎င်းက ထည့်သွင်းပြောကြားသည်။

ကိုဗစ်-၁၉ ရောဂါကို စတင်တွေ့ရှိခဲ့သည့် ဝူဟန်မြိုရှိ တိရစ္ဆာန်ဈေးနှင့် မြို့တွင်းကိုလည်း ထပ်မံလေ့လာရန် ၎င်းက တောင်းဆိုခဲ့သည်။

ကိုဗစ်ကပ်ရောဂါ၏ မူလအစနှင့် ပတ်သက်၍ ထပ်မံ၍ ပိုမိုလေ့လာမှု လုပ်ဆောင်ရန် WHO အနေဖြင့် ဖိအားများ ကြုံတွေ့နေရသည်။

နိုင်ငံတကာ သိပ္ပံပညာရှင်များ ပြန်လည်လာရောက်မည်ကို လက်မခံသည့် တရုတ်အစိုးရက အဆိုပါအစည်းအဝေး တွင် ကန့်ကွက်ခဲ့ကြောင်း သံတမန်များက ပြောသည်။

WHO ဦးဆောင်သည့် အဖွဲ့က တရုတ်သုတေသနပညာရှင်များနှင့်အတူ ဝူဟန်မြို့ဝန်းကျင်သို့ သီတင်း ၄ ပတ်ကြာ သွားရောက် လေ့လာခဲ့ပြီး မတ်လအတွင်း ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ရာတွင် ဗိုင်းရပ်စ် သည် လင်းနို့များမှ လူများသို့ အခြားသတ္တဝါမှတစ်ဆင့် ကူးစက်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ဖော်ပြခဲ့သည်။

သို့သော် အမေရိကန်အပါအဝင် အခြားနိုင်ငံများနှင့် သိပ္ပံပညာရှင်အချို့က ထပ်မံလေ့လာစုံစမ်းမှု လုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။ လင်းနို့များကို သုတေသနပြုလုပ်သည့် ဝူဟန်ဗိုင်းရပ်စ်ဗေဒဌာနကို အထူးသဖြင့် စုံစမ်းရန် တောင်းဆိုခဲ့သည်။

“ဗိုင်းရပ်စ်ရဲ့ မူလဇစ်မြစ်ကို ရှာဖွေတာဟာ သိပ္ပံပညာရပ်ဆိုင်ရာ လုပ်ဆောင်မှုဖြစ်ပြီး နိုင်ငံရေးနှင့် မပတ်သက်သင့်ပါဘူး။ ဒါကြောင့် တရုတ်အစိုးရအနေနဲ့ နောက်တစ်ဆင့်မှာ ကူညီဖို့နဲ့ သက်ဆိုင်ရာ အချက်အလက်တွေကို ပွင့်လင်းမြင်သာစွာ မျှဝေပေးဖို့လည်း မျှော်လင့်ပါတယ်” ဟု တက်ဒရော့စ်က ပြောသည်။

ဗိုင်းရပ်စ်သည် ဝူဟန်ဓာတ်ခွဲခန်းမှ ထူးဆန်းစွာ စိမ့်ထွက်သွားခြင်း ဖြစ်ပြီး ယင်းကိစ္စကို နိုင်ငံရေးနှင့် ရောယှက်ခြင်းသည် စုံစမ်းမှုကို အဟန့်အတားဖြစ်စေနိုင်ကြောင်း မကြာခဏ ပြောကြားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly