မြန်မာတွင် ကိုဗစ်-၁၉ ကြောင့် ဖိလစ်ပိုင်နိုင်ငံသား ၁ ဦး သေဆုံးပြီး ၈ ဦး ကူးစက်ခံရ

မြန်မာတွင် ကိုဗစ်-၁၉ ကြောင့် ဖိလစ်ပိုင်နိုင်ငံသား ၁ ဦး သေဆုံးပြီး ၈ ဦး ကူးစက်ခံရ

ဇူလိုင် ၂၁

မြန်မာနိုင်ငံတွင် ဖိလစ်ပိုင်နိုင်ငံသားတစ်ဦး ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးခဲ့ပြီး အခြားဖိလစ်ပိုင်နိုင်ငံသား ရှစ်ဦးလည်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံခဲ့ရကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီး အက်ဒွာဒို ကက်ပူနန် ဂျူနီယာက ဇူလိုင် ၂၀ ရက်တွင် ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် မြန်မာနိုင်ငံတွင် ဒယ်လ်တာ မျိုးကွဲကြောင့် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုအခြေအနေ ဆိုးရွားနေသဖြင့် မြန်မာနိုင်ငံရောက် ဖိလစ်ပိုင်နိုင်ငံသားများ ဖိလစ်ပိုင်သို့ ပြန်ကြရေး တိုက်တွန်းထားကြောင်းလည်း ၎င်းက ပြောခဲ့သည်။

ကက်ပူနန်က ပြောကြားရာတွင် ဖိလစ်ပိုင်နိုင်ငံသားတစ်ဦးသည် ပြီးခဲ့သည့်အပတ်က သေဆုံးခဲ့ခြင်း ဖြစ်ကြောင်းနှင့် ယခုအခါ ၎င်း၏ အရိုးပြာကို ဖိလစ်ပိုင်သို့ ပြန်ပို့ရန် သံရုံးအနေဖြင့် စောင့်ဆိုင်းလျက် ရှိကြောင်း ၎င်းက ပြောခဲ့သည်။

“အခြား ကူးစက်ခံ ဖိလစ်ပိုင်နိုင်ငံသား ရှစ်ဦးရဲ့ အခြေအနေကိုလည်း ကျွန်တော်တို့ စောင့်ကြည့်နေပါတယ်၊ အဲဒီထဲက ခုနစ်ယောက်ကတော့ ပြန်သက်သာလာနေပါပြီ၊ တစ်ယောက်ကတော့ အခြေအနေ စိုးရိမ်ရဆဲပါ” ဟု ကက်ပူနန်က ပြောခဲ့သည်။

မြန်မာနိုင်ငံရှိ ဖိလစ်ပိုင်နိုင်ငံသားများအနေဖြင့် ၎င်းတို့၏ အခြေအနေကို သတင်းပို့တင်ပြရန် ကက်ပူနန်က တိုက်တွန်းထားပြီး သို့မှသာလျင် သံရုံးအနေဖြင့် အကူအညီများ ပေးအပ်နိုင်မည်ဖြစ်သည်ဟု ဆိုသည်။

ထို့ပြင် လက်ရှိ မြန်မာတွင် ကိုဗစ်-၁၉ ၏ ခြိမ်းခြောက်မှုက ပိုမိုဆိုးရွားလာသည့်အတွက် ဖိလစ်ပိုင်နိုင်ငံသားများ နေရပ်ပြန်ကြရေးအတွက် တိုက်တွန်းထားသည်။

လက်ရှိအချိန်အထိ ဖိလစ်ပိုင်နိုင်ငံသား ၄၃ ဦးခန့် နေရပ်ပြန်ရန် စာရင်းပေးထားကြောင်းနှင့် ၎င်းတို့သည် သြဂုတ်လ ၅ ရက်တွင် ဖိလစ်ပိုင်သို့ ပြန်ရန် စီစဉ်ထားကြောင်း ကက်ပူနန်က ပြောသည်။

လက်ရှိအချိန်အထိ မြန်မာနိုင်ငံတွင် ဖိလစ်ပိုင်နိုင်ငံသားအများဆုံး ၆၀၀ ခန့် ရှိနေဆဲဖြစ်ကြောင်း ကက်ပူနန်က ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly