ဖေဖော်ဝါရီ ၁ ရက်နေ့မတိုင်ခင်က တရားရုံးများတွင် စွဲဆိုထားသော အမှုအချို့ကို ပိတ်သိမ်းမည်ဟု စစ်ကောင်စီကြေညာ

ဖေဖော်ဝါရီ ၁ ရက်နေ့မတိုင်ခင်က တရားရုံးများတွင် စွဲဆိုထားသော အမှုအချို့ကို ပိတ်သိမ်းမည်ဟု စစ်ကောင်စီကြေညာ

ဇူလိုင် ၂၀

မူးယစ်ဆေးဝါးအမှုအချို့နှင့် ပြည့်တန်ဆာအမှုများအပါအဝင် ဖေဖော်ဝါရီ ၁ ရက်နေ့မတိုင်ခင်က တရားရုံးတွင် စွဲဆိုထားသောအမှုအချို့ကို ပိတ်သိမ်းကြောင်း စစ်ကောင်စီက ၎င်းပိုင် မြန်မာအသံနှင့်ရုပ်မြင်သံကြားမှတဆင့် ယနေ့ညတွင် ကြေညာသွားသည်။

ကိုဗစ်-၁၉ ရောဂါကြောင့် တရားရုံးထုတ်မစစ်ဆေးနိုင်သဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ အချို့အမှုများကို ပိတ်သိမ်း၍ တရားခံများ အချုပ်မှလွှတ်မည်ဖြစ်ကြောင်း စစ်ကောင်စီ၏ ကြေညာချက်တွင် ပါရှိသည်။ 

 ပိတ်သိမ်းလိုက်သော ကြားနာစစ်ဆေးဆဲအမှုများမှာ

- ရာဇသတ်ကြီးပုဒ်မ ၃၇၉၊ ၃၈၀ နှင့် ၃၇၉/ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၄၊ ၃၈၀/ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၄
- သစ်တောဥပဒေပါပုဒ်မ ၄၂ နှင့် ၄၃ တို့မှအပ ကျန်ပြစ်မှုတစ်ခုခု
- လောင်းကစားဥပဒေပါပြစ်မှုတစ်ခုခု
- ယစ်မျိုးအက်ဥပဒေပါပြစ်မှုတစ်ခုခု
- ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နှင့် ခံဝန်ဥပဒေပါပြစ်မှုတစ်ခုခု
- မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၆ နှင့် အားပေးကူညီမှုများ
- မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉ (က) နှင့် အားပေးကူညီမှုများ (မူးယစ်ဆေးဝါး သို့မဟုတ် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများနှင့်စပ်လျဉ်း၍ ယင်းဥပဒေပုဒ်မ ၂၆ အရ အလေးချိန်သတ်မှတ်ချက် သုံးဂရမ်ဖြစ်ပါက ၁၀ ဂရမ်နှင့်အေက်သော်လည်းကောင်း၊ ၁၀၀ ဂရမ်ဖြစ်ပါက ၂၀၀ ဂရမ်နှင့်အောက်သော်လည်းကောင်း၊ ဘိန်းစာရွက်အစိုဖြစ်ပါက ၁၀ ကီလိုဂရမ်နှင့်အောက်သော်လည်းကောင်း၊ ဘိန်းစာရွက်အခြောက် သို့မဟုတ် ဘိန်းစာမှုန့်ဖြစ်ပါက ငါးကီလိုဂရမ်နှင့်အောက်သော်လည်းကောင်း သိမ်းဆည်းရမိမှုများအတွက်သာ)
- လက်နက်ဥပဒေပုဒ်မ ၁၉ (င)
- ပြည့်တန်ဆာနှိပ်ကွပ်ရေးအက်ဥပဒေပါပြစ်မှုတစ်ခုခု
- ရဲအက်ဥပဒေပါပြစ်မှုတစ်ခုခု
- ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေပါပြစ်မှုတစ်ခုခုတို့ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required