မြောက်ဒဂုံက ပရဟိတ ဆရာဝန် ၅ ဦးကို မဖမ်းထားဘူးလို့ စစ်ကောင်စီ ငြင်းဆို၊ စစ်တပ်လိုလားသူများပြောကြားချက်နှင့်ပင်ကွဲလွဲနေ

မြောက်ဒဂုံက ပရဟိတ ဆရာဝန် ၅ ဦးကို မဖမ်းထားဘူးလို့ စစ်ကောင်စီ ငြင်းဆို၊ စစ်တပ်လိုလားသူများပြောကြားချက်နှင့်ပင်ကွဲလွဲနေ

ဇူလိုင် ၂၀

ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံမြို့နယ်က ပရဟိတ ဆရာဝန် ငါးဦးကို ဖမ်းဆီးခြင်းမရှိသလို အဆိုပါဖြစ်စဉ်မျိုး အမှန်တကယ် မဖြစ်ပွားခဲ့ဟု အာဏာသိမ်းစစ်တပ်ပိုင် မြဝတီက ယနေ့ညနေသတင်းတွင် ငြင်းဆိုလိုက်သည်။

“ငွေကျပ် ၃၂ သိန်းရှိ ဆေးဝါးနဲ့ အောက်ဆီဂျင်အိုးတွေ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းခံရကြောင်း အဖွဲ့ခေါင်းဆောင် ဦးချမ်းလေး ပြောကြားချက်အရဆိုပြီး သတင်းဌာနတွေက ထုတ်ပြန်ထားတဲ့ အဲဒီသတင်းဟာ အမှန်တကယ် ဖြစ်ပွားမှု မရှိတဲ့ သတင်းဖြစ်ပြီး မြောက်ဒဂုံမှာ CDM ဆရာဝန်၊ စေတနာ့ဝန်ထမ်းတွေကို ဖမ်းဆီးထားတာ မရှိပါဘူး” ဟု မြဝတီရုပ်မြင်သံကြားက စာတမ်းထိုးဖော်ပြခဲ့သည်ကို တွေ့ရသည်။

 မြောက်ဒဂုံမြို့နယ်က ကိုဗစ် ၁၉ ကာကွယ်ရေးနဲ့ ပြည်သူ့အကျိုးပြုအဖွဲ့ရုံးကို စစ်တပ်က ဇူလိုင်လ ၁၉ ရက်နေ့ မနက်ပိုင်းမှာ ဝင်ရောက်စီးနင်းပြီး စေတနာ့ဝန်ထမ်း ဆရာဝန် ငါးဦးကို ဖမ်းဆီးခဲ့ကြောင်း မဇ္ဈိမက သတင်းထုတ်ပြန်ခဲ့သည်။

လူနာတစ်ဦး အောက်ဆီဂျင်ကျ၍ အသည်းအသန်ဖြစ်နေသည်ဟုဆိုကာ ပရဟိတအဖွဲ့ကို ဖုန်းဆက်ခေါ်ပြီး  ဆရာဝန်သုံးဦးတိုက်ခန်းအရောက်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည်။ ထို့အပြင် အွန်လိုင်းမှတဆင့်ကုသမှုပေးနေသော ဆရာဝန်နှစ်ဦးကိုလည်း ရုံးခန်းသို့လာရောက်ဖမ်းဆီးခဲ့သည်ဟု ပြည်သူ့အကျိုးပြုအဖွဲ့တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို အဆိုပါသတင်းတွင်  ရှင်းပြခဲ့သည်။

စစ်ကောင်စီ၏ငြင်းဆိုချက်အပေါ် ပရဟိတအဖွဲ့ တာဝန်ရှိသူက “လက်ရှိမှာတော့ သူတို့က ဟုတ်တယ်ဆိုတဲ့အရာကိုလည်း မဟုတ်ဘူးဆိုပြီး ငြင်းနေမှာပဲ။ သူတို့ရဲ့ ဌာနဆိုင်ရာ ဧရိယာတွေကို ဘယ်သွားမေးမေး ဒါကတော့ ငြင်းနေကြမှာပဲ။ ဒါတွေကို ကျနော်တို့က သိပြီးသား”  ဟု ပြောသည်။

ဖမ်းဆီးခံထားရသော ဆရာဝန်ငါးဦး၏အမည်များကို ဓာတ်ပုံနှင့်တကွထုတ်ပြန်နိုင်ကြောင်းလည်း အဖွဲ့က ပြောသည်။

“ကျွန်တော်တို့က ကာယကံရှင် မိသားစုခွင့်ပြုချက် ရယူနေတယ်။ သူတို့ရဲ့ ခွင့်ပြုချက်ယူပြီးတာနဲ့ နာမေတွေ ဓာတ်ပုံတွေကို ထုတ်ပြန်ဖို့ စီစဉ်နေပါတယ်”  ဟု ဆိုသည်။

အကြမ်းဖက် စစ်ကောင်စီတပ်များက ပရဟိတဆရာဝန်များ၏ရုံးကိုဝင်စီးပြီး အောက်ဆီဂျင်အိုးများ၊ PPE ဝတ်စုံများနှင့် ကုသရေးဆေးပုံးများကို သိမ်းဆည်းသွားသော်လည်း မြဝတီရုပ်သံသတင်းတွင် အဆိုပါပစ္စည်းများ သိမ်းဆည်းမှုမရှိဟုလည်း ငြင်းပြန်သည်။  

သို့သော် မြဝတီထုတ်ပြန်ချက်မှာ အာဏာသိမ်းစစ်တပ်ကိုထောက်ခံသူအချို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားချက်နှင့်ပင် ကွဲလွဲနေသည်။

၎င်းတို့က မြောက်ဒဂုံဖမ်းဆီးမှုဖြစ်စဉ်သည် မီဒီယာများထုတ်ပြန်သလိုမဟုတ်ဘဲ ကိုဗစ်လူနာတစ်ဦးလျှင် ငွေကျပ် ၁၀ သိန်းမှ ၁၅ သိန်းအထိ တောင်းပြီးဆေးကုသမှုကြောင့် အိမ်နီးချင်းများက တိုင်တန်းသဖြင့် ဖမ်းဆီးခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။

၎င်းတို့၏ရေးသားချက်များတွင် တရားမဝင်ဆေးလှည့်ကုသနေသည့် ဆရာဝန်ငါးဦးကို  အောက်ဆီဂျင်အိုး ၂၃ လုံးနဲ့အတူ ဖမ်းဆီးရမိခဲ့သည်ဟုအချက် တူညီစွာ ပါရှိသည်။

မြဝတီသတင်းတွင် CDM ဆရာဝန်များနှင့် စေတနာ့ဝန်ထမ်းများသည် ကိုဗစ်-၁၉ လူနာများထံမှ ဆေးဖိုးအဆမတန်တောင်းယူနေတာတွေရှိနေသည်ဟုလည်း စွပ်စွဲထားသည်။ 

ပရဟိတ ဆရာဝန်တစ်ဦးကတော့ “အဲဒါလုံးဝ မှားယွင်းတယ်ဗျ။ လူနာတွေဆီက ငွေကြေးတစ်စုံတစ်ရာ တောင်းယူပြီး ကုသပေးတဲ့အလုပ်က လုံးဝမလုပ်ပါဘူး။ လူနာရှင်က ကျေးဇူးတင်တဲ့အနေနဲ့ ပြန်ပြီးကန်တော့တာပေါ့။ သောင်းဂဏန်းလောက်ပါပဲ စိတ်ဆန္ဒအရ ကန်တော့တာကို လက်ခံတာပဲ ရှိတယ်” ဟု ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly